ယေဇူးသခင်၏ဆေးကြောခြင်းမင်္ဂလာခံယူပွဲ



ဆေးကြောခြင်းမင်္ဂလာခံယူခြင်းဟာ ခရစ်ယာန်တို့၏တထူးတခြား ဓလေ့ထုံးတမ်းဖြစ်ပြီး အသင်းတော်၌ Initial Sacrament အစပျိုးစက္ကရမင်တူးအဖြစ် သွန်သင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤဆေးကြောခြင်း စက္ကရမင်တူးသည် ခရစ်ယာန်ဘ၀အသက်တာကို လက်ခံယုံကြည်ပြီး ခရစ်ယာန်အသိုင်းအ၀ိုင်းသို့ စတင်ဝင်ရောက်သည့်အခါ ခံယူသည့်စက္ကရမင်တူးဖြစ်သလို နောက်ထပ်အခြား စက္ကရမင်တူး ခြောက်ခုကို ခံယူနိုင်ဖို့ ဒီဆေးကြောခြင်းစက္ကရမင်တူးမှ စတင်ရပါတယ်။ ဆေးကြောခြင်းဆိုတာ ဂျူးတို့၏ Tvilah ဟုခေါ်ဆိုသော ရေထဲနှစ်၍ သန့်ရှင်းစင်ကြယ်ခြင်းအခမ်းအနားကို နောက်ခံပြုထားသည်ဟုလည်း ဆိုနိုင်ပါတယ်။ ထိုပွဲတော်နှင့်လည်း ပုံစံတူညီပါတယ်။

ဤသန့်ရှင်းစင်ကြယ်ခြင်းအခန်းအနားကို ယောဟန်ဗတ္တိဇံက သူ၏သာသနာပြုခြင်းမှာ အသုံးပြုခဲ့ပါတယ်။ ယောဟန်ဗတ္တိဇံ၏တရားမှာ ခရစ်တော်အတွက် လမ်းပြင်ဆင်ပေးပြီး ကောင်းကင်နိုင်ငံတော်သည် နီးလုပြီဖြစ်၍ နောင်တ တရားရကြဖို့နှင့် နောင်တရသည့်အမှတ်လက္ခဏာအဖြစ် ဆေးကြောခြင်းခံယူကာ ဂျူးထုံးစံအတိုင်း သန့်ရှင်းစင်ကြယ်ခြင်းကိုပြု၍ ဘုရားသခင်ဆီသို့ပြန်လာကြရန် ဖြစ်ပါတယ်။ ထိုကြောင့် တမန်တော်ပေါလူးက ယောဟန်၏ဗတ္တိဇံကို နောင်တတရား၏ဆေးကြောခြင်းမင်္ဂလာဟု ခေါ်ဆိုပါတယ်။ သို့သော်လည်း ခရစ်တော်၏ ဆေးကြောခြင်းမင်္ဂလာသည် ယောဟန်ထက်ပို၍မြင့်မြတ်ပြီး အာမခံချက်အပြည့်ပါဝင်သည်ဟု ဆိုရပါလိမ့်မယ်။ ယောဟန်ပြောသလိုပဲ ခရစ်တော်သည် ကျွန်ုပ်တို့ကို ၀ိညာဉ်တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူပါတယ်။ ထိုသို့ဆိုလျှင် ခရစ်တော်သည် ဘာကြောင့်ယောဟန်ဗတ္တိဇံထံသွားပြီး ဆေးကြောခြင်းမင်္ဂလာခံယူပါသလဲ ဟုမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အပြစ်သားတွေဟာ နောင်တရလို့ ဆေးကြောခြင်းခံယူပေမယ့် အပြစ်မရှိသည့်ခရစ်တော်မူကာ နောင်တရစရာမလိုဘဲ ဆေးကြောခြင်းခံယူတာ ဘာကြောင့်ပါလဲဟုလည်း မေးခွန်းထုတ်စရာဖြစ်နေပါလိမ့်မယ်။ ထိုအဖြေကို ဖတ်ရှု့ရမည့် မာတေဦးကျမ်းမှာ “ယောဟန်ကလည်း အကျွန်ုပ်သည်ကိုယ်တော်ထံမှ ဆေးကြောခြင်းကိုခံယူရမည်သူဖြစ်ပါလျက်နှင့် ကိုယ်တော်သည်အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလောဟုဆိုကာ ကိုယ်တော့်အားတားမြစ်လေ၏။ - သို့သော် ယေဇူးက ယခုအခါတွင် ဤသို့ရှိပါစေ။ အကြောင်းမူကား ဖြောင့်မှန်ရာအလုံးစုံတို့ကို ငါတို့လိုက်နာသင့်သည်ဟု မိန့်တော်မူသဖြင့် ယောဟန်လည်း လက်ခံလေ၏”

ရှေးဦးခရစ်ယာန်ဖခင်ကြီးများနှင့် ဓမ္မသင်္ဂြိုလ်ပညာရှင်ကြီးများက ခရစ်တော်၏ဆေးကြောခြင်းမင်္ဂလာ ခံယူခြင်းသည် သူ၏သာသနာပြုခြင်းကို စတင်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြပါတယ်။ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ကောင်းကင်နိုင်ငံတော်၏တရားတော်ကို စတင်ဟောပြောကာ နောက်ဆုံး သူ့ကိုယ်သူကားတိုင်ပေါ်မှာ အသေခံတော်မူသည့်တိုင်အောင် ထာဝရခမည်းတော်ဘုရား၏ဆန္ဒနှင့် အလိုတော်ကိုလုံးလုံးအပ်နှံလိုက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြပါတယ်။ အရှေ့တိုင်းအသင်းတော်၌ ဘုရားသခင်၏သာန်တော်ထုတ်ဖော်ပြခြင်း (Theophany)ဟုခေါ်ဆိုပါတယ်။ Theoဆိုတာ ဘုရားဟုအဓိပာယ်ရှိပြီး Phanyကတော့ သာန်တော်ထုတ်ဖော်ပြခြင်းဟု အဓိပာယ်ရှိပါတယ်။ ထိုကဲ့သို့ ဘုရားသခင်၏သာန်တော်ထုတ်ဖော်ပြခြင်းဟု ခေါ်ဆိုရခြင်းမှာ ဤဆေးကြောခြင်းမင်္ဂလာခံယူရာ၌ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအဖြစ်တော်တွေ့မြင်နိုင်ပါတယ်။

ခရစ်တော်ဟာ ယောဟန်ဗတ္တိဇံထံမှ ဆေးကြောခြင်းခံယူခြင်းအားဖြင့် ကျွန်ုပ်တို့လူသားထုတစ်ရပ်လုံးကို ကိုယ်စားပြု၍ လောကအပြစ်အညစ်ကြေးများမှ သန့်ရှင်းခြင်းလက္ခဏာကို ပြသခြင်းဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေ - ဆေးကြောခြင်းမင်္ဂလာခံယူထားသည့် ကျွန်ုပ်တို့တတွေလည်း ပထမ- ယောဟန်တရားလို နောင်တတရားရှိကြပြီး ဘုရားသခင်ထံသို့ပြန်လည်ဦးတည်နေပြီလား။ ဒုတိယ- ခရစ်တော်၏ ဆေးကြောခြင်းစက္ကရမင်တူးအားဖြင့် နောက်ထပ်စက္ကရမင်တူးများကို ရယူသွားနိုင်ဖို့ ကြိုးစားနေကြပြီလား။ စဉ်းစားစရာတွေပါ။ ကျေးဇူးတော်တွေရရှိနိုင်ဖို့ အခြေနေကို ခရစ်တော်ဖန်တီးပေးထားပြီးသော်လည်း ကျွန်ုပ်တို့တတွေ ကျေးဇူးတော်တွေလက်ခံနိုင်ဖို့ အသင့်ရှိနေကြပြီလား။

ထာဝရခမည်းတော်ဘုရားဟာ ခရစ်တော်၌ သူ၏ကျေနပ်နှစ်သက်ခြင်း အပြည့်ရှိကြောင်း အများတကာ ကြားနိုင်အောင်ပင် ကောင်းကင်မှအသံဖြင့်မိန့်ဆိုလိုက်ပါတယ်။ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သား ဖြစ်ပေတည်း။” . . . ခရစ်တော်၌ သင်နှင့်ကျွန်ုပ်တို့ လုံးဝယုံကြည်စွာ အပ်နှံပြီး သူ၏တရားတော်ဖြင့် အသက်ရှင်ဖို့ အဆင်သင့်ဖြစ်နေပြီလား - တနည်းအားဖြင့် I believe ဆိုပြီး ကျွန်ုပ်ယုံကြည်ပါ၏ဟူသော စကားပြောဆိုနိုင်ပြီလား။

ထိုဆေးကြောခြင်းမင်္ဂလာအားဖြင့် ကျွန်ုပ်သည်ယုံကြည်ပါ၏ဟုဆိုကာ ခရစ်ယာန် ဘ၀အသက်တာအတွင်းသို့ ၀င်ရောက်လာသည့်ကျွန်ုပ်တို့ ခရစ်ယာန်အသက်တာအတိုင်း အမှန်တကယ်ရှင်သန်ကြဖို့ သိပ်ကိုအရေးကြီးပါတယ်။ ခရစ်ယာန်ဘ၀အသက်တာဆိုတာ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာ၏ ပညတ်တော်ကြီး နှစ်ခုပေါ်မှာအခြေတည်ကာ ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေသူများဖြစ်ပြီး အခြားသူများကိုလည်း လောက၏ဆားနှင့်အလင်းသဖွယ် ရှေ့ဆောင်လမ်းပြ လက်တွဲခေါ်သူများ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘ၀ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် တန်ခိုးတော်အားဖြင့် အသွင်သာန်ပြောင်းခြင်းခံယူကာ ဘုရားသခင်၏ပုံသာန်၌ဖန်းဆင်းခံရသူများပီပီ နေထိုင်သွားကြဖို့ နေ့စဉ်နေ့တိုင်း သန့်ရှင်းသောဝိညာဉ်အားဖြင့် မိမိတို့၏အမှားများစွာအတွက် ဆေးကြောခြင်းခံယူကာ ခွန်အားယူသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments