အလင်းသက်သေ၏ တစ်နှစ်ပြည့်သုံးသပ်ချက်များနှင့် ရှေ့ခြေလှမ်းများ

အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။ (ယောဟန် ၁း၅)

ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရင်း အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)ကို ဖတ်ရှု့ အားပေးကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါသည် -

သန့်ရှင်းသော ၀ိညာဉ်တော်၏ ကျေးဇူးတော်ဖြင့် ဇန္ဒ၀ါရီလ (၁၄) ရက်နေ့ဆိုလျှင် အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့) စတင် တည်ထောင်ခြင်း  (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာလျှင် ယခုလို (၁) နှစ်ပြည့်မြောက်ခဲ့သည့်တိုင်  မြန်မာကက်သလစ် အသင်းတော်၏ လိုအပ်ချက်ကို တထောင့် တနေရာမှာ ပါဝင်နေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအပြင် ဘာသာတူ ညီအစ်ကို မောင်နှများ၏ အားပေးမှု့ကြောင့်လည်း ယခုကဲ့သို့ ဆပ်ကပ်နိုင်ခဲ့ခြင်းကြောင့် ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ထို (၁)နှစ်အတွင်း အလင်းသက်သေ၏ ပါဝင်ဆက်ကပ်နိုင်ခြင်းများကို ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ဘာသာတူတို့အား ယခု ပိုစ်ဖြင့် အသိပေးပြောကြားလိုပါသည်။ အလင်းသက်သေ၏ ပါဝင်ဆက်ကပ်နိုင်ခြင်းများအား ပြန်လည်သုံးသပ်ရလျှင်  ကျေနပ် အားရများရှိသလို အားနည်းချက်များလည်း ရှိခဲ့ပါသည်။ ထို အားသာချက်/အားနည်းချက်များကို ပြန်လည် သုံးသပ်ပြီး နောက်နှစ်များတွင် ယခုထက်ပိုပြီး ဘုရားသခင်အား ဆက်လက် အစေခံနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)တွင် တနင်္ဂနွေ အပတ်စဉ် ကမ္မဋ္ဌာန်း ထောက်ရှုချက်များ ကိုရင် (ဒိုမီနီကန်) မှ ရေးသားနိုင်ခဲ့ပါသည်။ ထိုအပြင် ပြည်တွင်း/ပြည်ပ ဘာသာရေးသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများနှင့် စာစောင်များကိုလည်း တင်ဆက်နိုင်ခဲ့ရာ တနှစ်ပတ်လုံး (၁၈၀) ကျော်တင်နိုင်ခဲ့ပါသည်။ ဘလော့သို့ လာရောက် ဖတ်ရှု့သူများလည်း တနေ့တခြားတိုးတက်လာရာ  ဖတ်ရှု့ကြသည့် အကြိမ်ပေါင်း (၁၄,၁၃၅) ကျော်ထိ ရှိနေပြီဖြစ်ပါသည်။
ဝင်ရောက် ဖတ်ရှုသူ အများဆုံးနိုင်ငံ (၅) နိုင်ငံမှ မြန်မာနိုင်ငံ၊ အမေရိက၊ စင်္ကာပူ၊ မလေးရှား၊   မကာအို တို့မှ ၀င်ရောက် ကြည့်ရှုခဲ့ကြပါသည်။ အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)တွင် တင်သော ပိုစ့်များအား ဖေ့ဘွတ်အကောင့်တွင် ထပ်မံ Share  ပေးရာ ထို ဖေ့ဘွတ်ဂရုအား လိုက်လုပ်သူများလည်း တလထက် တလတိုးတက်လာရာ ယခုအချိန် အထိဆိုလျှင် ၆၅၇ ဦးကျော်ရှိနေပြီဖြစ်ပါသည်။  ထိုဖေ့ဘွတ်အကောင့်နှင့် ဆက်ဆက်ပြီး တခြားသော "မြန်မာပြည်ရှိ ကက်သလစ် ဘုရားကျောင်းများ" page ကို ပြုလုပ်ပေးခဲ့ရာ ဘာသာတူများ၏  ကြိုက်နှစ်သက်မှု့များနှင့် ပါဝင်မှုများကို ရရှိခဲ့ပါသည်။

ထို ကျေနပ်ချက်များနှင့် အတူ အားနည်းချက်များကို ပြန်လည်သုံးသပ်ရလျှင် ယခုဘလောက်သို့ ၀င်ရောက် ဖတ်ရှုသာ ဘာသာတူဦးရေသည် မြန်မာနိုင်ငံကက်သလစ်ဘာသာတူ အင်တာနက် အသုံးပြုသူ အရေအတွက်၏ ၃ ပုံလျှင် ၁ ပုံမျှသာ ရှိနေသေးသည်။  ဒါပြင် ၀င်ရောက် ဖတ်ရှုသူများသည်
ထက်ဝက်ကျော်မှ ပြည်ပရောက် ဘာသာတူများသာ ဖြစ်ပါသည်။  ကြိုးစား ရပါဦးမည်။ ပို့စ်တင်မှု့ အခြေအနေများကို သုံးသပ်ရလျှင် တနင်္ဂနွေ အပတ်စဉ် ကမ္မဋ္ဌာန်းများကို ကိုရင် (ဒိုမီနီကန်) မှ ပင်ထိုင်ရေးသားနေခဲ့ရာ ကိုရင် မြန်မာပြည်သို့ ခွင့် (၂) လ သွားရောက်ချိန်များတွင် အပတ်စဉ် မတင်နိုင်ခဲ့ခြင်း၊ ကိုရင်မှ မြန်မာပြည်မှ ကြိုးစားခဲ့ရာတွင်လည်း လိုင်းအားနည်းခြင်းကြောင့် အဆင်မပြေဖြစ်ခြင်းများကြောင့် ပို့စ်တင်မှု့များလည်း လျှော့ကျသွားခဲ့ရာ ၀င်ရောက်ဖတ်ရှုသူဦးရေ

ထိုလများတွင် ကျဆင်းသွားခဲ့ပါသည်။ ဘာသာရေးသတင်းများ တင်ဆက်မှု့ကို သုံးသပ်ရလျှင် အများဆုံး တင်ဆက်နိုင်သော ဘာသာရေးသတင်းများမှ ဘာသာပြန် ဘာသာရေးသတင်းများသာ ဖြစ်နေပါသည်။ သို့သော် ၀င်ဖတ်ရှုသူများသည် ပြည်ပရောက် ဘာသာတူများ ဖြစ်ကြသောကြောင့် မြန်မာနိုင်ငံ ပြင်တွင်းမှ ဘာသာရေး သတင်းများကို ပိုမို စိတ်ဝင်တစား ဖတ်ရှု့တောင်းဆိုကြပါသည်။ အလင်းသက်သေ အဖွဲ့အနေဖြင့် အတက်နိုင်ဆုံး ဖြည့်ဆည်းပေးလျှက်ရှိရာ ဂလိုရီယာဂျာနယ်ဖြင့် ချိပ်ဆက် ခွင့်တောင်းပြီး ဂလိုရီယာဂျာနယ်အား အလင်းသက်သေ ဘလော့တွင် ထည့်သွင်းဖော်ပြနိုင်ခဲ့ပါသည်။

အလင်းသက်သေ အဖွဲ့ တည်ထောင်သူများ ပြည်ပရောက် မြန်မာကက်သလစ် ဘာသာတူများ ဖြစ်သဖြင့် မြန်မာပြည်တွင်းမှ ဘာသာရေး သတင်းများ ရယူနိုင်ရန်မှာ အခက်အခဲရှိနေကြောင်း၊ ပြည်တွင်းမှာ ဘာသာရေး သတင်းများ ပေးပို့ပေးကြဖို့ရန် အစဉ်အမြဲ ဖိတ်ခေါ် တောင်းခံလျှက်ရှိနေပါသည်။ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းနိုးဆော်အပ်ပါသည်။  ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များတွင် ယခု တနှစ်တာ၏ အတွေ့အကြုံများပေါ် မူတည်ပြီး အချို့လုပ်ငန်းလေးတွေကို ချဲ့ထွင်စေချင်သည့် သဘောဖြစ်ပါသည်။ ပထမအစီအစဉ်အဖြစ် အလင်းသက်သေဘလော့သည် Google ၏ blog ပေါ်တွင် လွင့်တင်ထားရာမှ အလင်းသက်သေ၏ ကိုယ်ပိုင် ဒိုမိန်း www.ALinnThetThay.org ကို ၀ယ်ယူပြီး ပြောင်းလဲ လွင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။ Website ဒီဇိုင်းကို စာဖတ်သူ လွယ်ကူစွာ ဖတ်ရှု့နိုင်ရန် ယခု ဘလော့ပုံစံဖြင့် လွင့်တင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကျွန်ုပ်တို့ဘလော့ဟာ ဘာသာရေး ၀က်ဆိုဒ်အဖြစ် ပီပီပြင်ပြင်ပေါ်လာသည့် အလျောက် စာဖတ်ပရိတ်သပ် အချို့ဟာ ကျွန်ုပ်တို့အားဖြင့် ဂရုဏာရေးလုပ်ငန်း အချို့တွင် တိုးချဲ့ ပါဝင် လှုပ်ရှားစေလိုကြပါတယ်။ ထို  ဒုတိယ အစီအစဉ်ကို ဖော်ဆောင်ရန် ယခု လက်ရှိအချိန်ထိ အလင်းသက်သေမှာ ရံဘုံငွေများ၊ ထောက်ပံကြေးများ၊ အလှူများ မရရှိ။ မထားရှိပါ။ ယခုကဲ့သို့ အကြံပေးပို့ချက်များကြောင့်လည်း ဂရုဏာရေးလုပ်ငန်းများကို တိုးချဲ့ပြီး လှုပ်ရှား ဆောင်ရွက်ရန် ဖြစ်ပေါ်လာသော အခါ ထိုရံပုံငွေထည့်သွင်း စဉ်းစား လာရပါသည်။

ရည်မှန်းထားချက်မှာ အလင်းသက်သေ၏ ရံဘုံငွေအချို့ထားရှိပြီး ထို ရံဘုံငွေမှနှင့်အတူ အခါအားလျော်စွာ လှူဒါန်းမှု့များကို လိုအပ်သည့်နေရာများ ကို ထောက်ပံလှူဒါန်းရန်ဖြစ်ပါသည်။  ဥပမာ မိဘမဲ့ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အခြား မစွမ်းမသန်သူများကို ပံ့ပို့ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ထိုကြောင့် ရှေ့ဆက်၍ ကျွန်တော်တို့ အလင်းသက်သေမှ လက်ခံရရှိလာသည့် အလှူငွေများကို နည်းစနစ်ကျကျ လက်ခံထိန်းသိမ်း ဖြန့်ဖြူးနိုင်ရန် စီစဉ်နေပါတယ်။ အလှူငွေများ ပို့လာပါကလည်း လက်ခံနိုင်ရန် ဘဏ်အကောင့်ဖွင့်ဖို့၊ ပေးပို့လာသည့် အလှူငွေများ အပေါ်မူတည်ပြီး ထိုဂရုဏာလုပ်ငန်းများကို မြန်မာပြည်မှ ဆက်သွယ်လာသည့် ဘုန်းကြီး၊ သီလှရှင်နှင့် အခြားလူကြီးမင်းတို့ကို ချိတ်ဆက်၍ ထောက်ပံလှူဒါန်း လုပ်ဆောင်သွားရန် ရည်မှန်းထားပါသည်။

ထို့အပြင် ကျွန်တော်တို့၏ အလင်းသက်သေရဲ့ အဓိက ရည်မှန်းချက် မပြည့်မြောက်သေးပါဘူး။ ထို ရည်မှန်းချက်မှာ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်တစ်ခုလုံး၏ သာသနာအသီးသီးမှာ  ဖြစ်ပျက်နေမှု့များကို သတင်းများ အဖြစ်သော်လည်းကောင်း၊ ဆောင်းပါးများ အဖြစ်သော်လည်းကောင်း၊ ရသမျိုးစုံဖြင့် ပိုမို ဝေမျှလိုပါတယ်။ ပိုမို ဖော်ပြလိုပါသည်။ သာရေးသော်လည်းကောင်း၊ နာရေးသော်လည်းကောင်း အားလုံး ပူးပေါင်းပါဝင်မှု့ဖြင့်  မျှဝေ ပေးပို့ဖလှယ်ကြပြီး အင်တာနက် ခေတ်ဖြစ်သည်နှင့် အညီ လျှင်မြန်စွာ တချိန်တည်း သိရှိစေလိုပါတယ်။ ထိုကြောင့် မြန်မာနိုင်ငံအတွင်းမှ ပူးပေါင်း ပါဝင်လာမည့်သူများ၏ လုပ်အားမှာ အလွန်ပင် လိုအပ်ပါတယ်။ ကျွန်တော်တို့ အလင်းသက်သေမှ ထပ်မံ ဖိတ်ခေါ်ပါတယ်။ စိတ်ပါဝင်စားစွာ ပူးပေါင်း ပါဝင်လာကြမယ်လို့ မျှော်လင့်ပါတယ်။ ယခုလည်း နှစ်ပတ်လည် အထိမ်းအမှတ်ဖြင့် တနှစ်အတွင်း သတင်း၊ ဆောင်းပါး၊ ကဗျာများပေးသူများကို အသင်းသက်သေ လိုဂိုဖြင့် ရှပ်အင်္ကျီ အချို့ထုတ်ပြီး လက်ဆောင်ပေးလိုသော်လည်း အဖွဲ့ရံဘုံငွေ လစ်လပ်မှု့ကြောင့်လည်းကောင်း၊ တာဝန်ယူ ရိုက်နှိပ်၊ ဖြန့်ဝေပေးမည့် လုပ်အားများ မရှိခြင်းကြောင့် ယခုနှစ်တွင် ပြုလုပ်နိုင်ရန် အကောင်အထည် မဖော်နိုင်ခဲ့ပါ။ သို့သော်လည်း နောင်တွင် ပိုမို ပီပြင်အောင် လုပ်ဆောင်နိုင်ဖို့ အများကြီး မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ အလင်းသက်သေ၏ အောင်မြင်မှု့အပေါ်မူတည်၍ အခြား ရည်မှန်းချက်များကိုလည်း အကောင်ထည် ဖော်သွားမည် ဖြစ်ပါတယ်။ ကြိုးစားသွားပါမည်။

စာဖတ်သူအနေဖြင့် တခြားသော ကူညီအားပေးမှု့များ မပြုလုပ်နိုင်ပင်လျှင် အဓိက ကူညီနိုင်သော အချက်တချက်ရှိပါသည်။ ထိုအချက်မှာ ဆုတောင်းပေးခြင်းပင် ဖြစ်သည်။ ဆုတောင်းခြင်းသည် မရှိမဖြစ် အထူး လိုအပ်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော် ယခုနှစ် တနှစ်လုံး အတူတကွ ရှိနေတော်မူခြင်း၊  ကျွန်ုတို့၏ စိတ်ဝိညာဉ်ကို ဘုရားသခင် လှုပ်ရှားစေခြင်း၊ သမ္မာတရားကို မြင်စေရန် မျက်စေ့ဖွင့်ပေးခြင်း တို့မှာလည်း ဆုတောင်းပေးခြင်းကြောင့် ဖြစ်ပါသည်။ ထိုကြောင့် အလင်းသက်သေကို ပိုမိုပြီး ဘုရားသခင်၏ အလင်းတော်ကို သက်သေခံနိုင်သော ကျေးဇူးတော်ခံစားရနိုင်ဖို့ သင်တို့ ဆုတောင်းပေးကြပါရန် ခရစ်တော်၏ နာမတော်အားဖြင့် တောင်းခံအပ်ပါသည်။


အလင်းသက်သေ (မြန်မာကက်သလစ် ဘလော့)

Post a Comment

0 Comments