ဤသူသည်လည်း အာဘရာဟံ၏သားဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ဤအိမ်သို့ ရောက်လေပြီ။ ပျောက်ဆုံးနေသောသူတို့ကို ရှာဖွေ၍ ကယ်တင်ရန်ကြွလာခြင်းဖြစ်သည်။
ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်မြတ်တွင် ယေဇူးအဘယ်သူဖြစ်ကြောင်းကို သိလိုတဲ့အတွက် ဇာခေးဦးမည်သော အခွန်ခံသူဌေးဟာ အရပ်ပုသဖြင့် သစ်ပင်ပေါ်တက်၍ပင် ကြည့်ကြောင်း တွေ့ရပါတယ်။ ဇာခေးဦး၏စိတ်ကိုသိတဲ့ ယေဇူးက သူ၏အမည်နာမည်ကိုပင် တရင်းတနှီးခေါ်ကာ “ယနေ့သင့်အိမ်မှာ ငါတည်းခိုမည်” ဟုပြောဆိုလိုက်ပါတယ်။ ယေဇူးကို အင်မတန်မှသိချင်တဲ့သူ၊ တွေ့ချင်တဲ့သူ- ဇာခေးဦးအတွက် အလွန်ကိုစိတ်ကျေနပ်စရာအဆိုဖြစ်ခဲ့ပါတယ်။ သို့သော်လည်း လူများစွာကတော့ ဇာခေးဦးဟာ အပြစ်သားဖြစ်ကြောင်းသိနေတဲ့အတွက် ယေဇူးလိုမြင့်မြတ်သူက အပြစ်သားအိမ်မှာဝင်တည်းခိုရသလားဆိုပြီး အတင်းပြောဆိုနေကြပါတော့တယ်။ ယေဇူးဟာ ဇာခေးဦးအပြစ်သားမှန်းသိသော်လည်း ဇာခေးဦးရဲ့ နောင်တစိတ်ကို တွေ့မြင်ခဲ့သူပါ။ ထိုကြောင့် ဇာခေးဦးဟာ ယေဇူးနှင့်တွေ့သည်နှင့် သူများပစ္စည်းအား လိမ်ယူခဲ့မည်လျှင် လေးဆပြန်ပေးပါ့မယ်။ ဥစ္စာပစ္စည်းတ၀က်ကိုလည်း ဆင်းရဲသားများအတွက် ပေးလှူပါ့မယ်။ စသဖြင့် အပြစ်ကိုအလိုလိုဝန်ခံရင်း သူ့ဘ၀ပြောင်းလဲတော့မည့်အကြောင်းကို ပြောဆိုနေပါတယ်။ ၎င်းသည်ပင် ကျွန်ုပ်တို့လူသားများထံမှ၊ အပြစ်သားများထံမှ ယေဇူးအလိုရှိသည့် အရာပင်ဖြစ်ပါတယ်။ ထိုနောက် ကိုယ်တော်က ဤသူသည်လည်း အာဘရာဟံ၏သားဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ဤအိမ်သို့ ရောက်လေပြီ။ ပျောက်ဆုံးနေသောသူတို့ကို ရှာဖွေ၍ ကယ်တင်ရန်ကြွလာခြင်းဖြစ်သည်။
ဇာခေးဦးဆိုတာ အခွန်ခံဦးစီးဖြစ်ပါတယ်။ သူ့ဘ၀တလျှောက်မှာ သူများမျက်ခုံးမွှေးပေါ် စင်းကြံလျှောက်၍ သော်လည်ကောင်း၊ သူတစ်ပါးအား အမြဲတမ်းခေါင်းပုံဖိ၍သော်လည်ကောင်း လုပ်ကိုင်စားသောက်ကာ ကြီးပွားချမ်းသာနေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဥစ္စာချမ်းသာကြွယ်ဝသော်လည်း အများတကာရဲ့ ချိုးနှိမ်ခြင်း၊ အထင်သေးခြင်းကိုခံရသူ၊ အများတကာက အပြစ်သားဟု သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒီလိုဘ၀မျိုးမှာ သူမပျော်တာသေချာပါတယ်။ သူ့ဘ၀မှာ စစ်မှန်တဲ့ချမ်းသာမှု့မရသေးဘူးဆိုတာ လုံးဝသိနေသူပါ။ ဒီအတွက် ယေဇူးရဲ့ဟောပြောမှု့၊ ကုသမှု့၊ အပြစ်ခွင့်လွှတ်ပေးမှု့ စသည့်သတင်းမွှေးတွေကို တနည်းတဖုံကြားရပြီး သူလည်း ထိုကယ်တင်ရှင်ကို ဆာငတ်ခဲ့တယ်ဆိုတာ သူ့ရဲ့ကလေးငယ်လို လုပ်ရပ်လေးနဲ့ ယေဇူးကို တွေ့ချင်ပုံက သက်သေပြနေပါတယ်။ လူတွေရဲ့အတွင်းနှလုံးသားကို အမြဲတမ်းကြည့်တတ်သူ ယေဇူးခရစ်တော်ဟာ ဇာခေးဦးရဲ့အတွင်းနှလုံးသားကိုလည်း တွေ့မြင်ခဲ့ပါတယ်။
မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်ဟာလည်း ဇာခေးဦးလို အများတကာက သတ်မှတ်ထားတဲ့အပြစ်သားတွေ ဟုတ်လျှင်မှ ဟုတ်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေလည်း ဇာခေးဦးလိုပါပဲ- ကိုယ့်အောင်မြင်မှု့ပန်းတိုင်ရဖို့၊ ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းဖို့ တပါးသူတွေရဲ့ မျက်ခုံးမွှေးမှာ စင်းကြံလျှောက်နေမိနိုင်ပါတယ်။ ထို့အတူ တပါးသူများရဲ့ ဦးခေါင်းတွေကိုလည်း လှေကားထစ်သဖွယ် နင်းတက်နေလျှင်လည်း နေမိပါလိမ့်မယ်။ ကျွန်ုပ်တို့တတွေဟာ ကိုယ့်အောင်မြင်မှု့ပန်းတိုင်နဲ့ အကျိုးအမြတ်အတွက်သာ ကြည့်လွန်းသည့်အခါ ဒီလုပ်ရပ်တွေကို မြင်မိဖို့ခက်ခဲပါတယ်။ ဒီလိုလုပ်ရပ်တွေနဲ့ ကြီးပွားနေသည့်တိုင်အောင် ကျွန်ုပ်တို့တတွေကော ဇာခေးဦးလို စစ်မှန်သည့်ပျော်ရွှင်မှု့မရသေးဘူးဆိုတာ စဉ်းစားမိရဲ့လား။ ကျွန်ုပ်တို့ နည်းလမ်းတွေ မှားနေတာ သတိထားမိရဲ့လား။ ဒီလုပ်ရပ်တွေကို မဖြစ်မနေလုပ်နေရသည်ဆိုလျှင်လည်း ရုန်းထွက်ဖို့ ကျွန်ုပ်တို့ ကြိုးစားနေပြီလား။ အခြားနည်းလမ်း၊ ဖြောင့်မတ်သည့်လမ်း၊ တရားမျှတသည့်လမ်း ကိုရှာဖွေဖို့ သတ္တိရှိရဲ့လား။
ထိုသို့မလုပ်သည့်တိုင်အောင် ကျွန်ုပ်တို့တတွေဟာလည်း တနည်းမဟုတ်တနည်း အပြစ်သားတွေပဲဖြစ်ပါတယ်။ သို့သော်လည်း မိမိအပြစ်ကို တပါးသူရဲ့အပြစ်နဲ့ဖုံးကွယ်ကာ ကိုယ့်အပြစ်ကို မမြင်တတ်သူများ ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုအပြစ်သားဖြစ်နေလို့ စိတ်အားမငယ်ပါနဲ့။ စစ်မှန်တဲ့ကိုယ့်ရဲ့ အတွင်းနှလုံးသားကို ပြင်ဆင်လိုက်ပါ။ ထိုအခါ ယေဇူးခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ ထိုအတွင်းစိတ်နှလုံးသားကို ကြည့်၍ ထိုနှလုံးသားအိမ်မှာပဲ ယနေ့ကြွဝင်လာပါလိမ့်မယ်။ သင့်နှလုံးသားအိမ်မှာ ယေဇူးခရစ်တော်ကို မဖိတ်ခေါ်ချင်ဘူးလား၊ မိတ်ဆွေ။ ကိုယ်တော်အား အချိန်တိုင်းမှာ သင့်နှလုံးသားတံခါးကို ခေါက်နေသူပါ။
ကျွန်ုပ်တို့တတွေလည်း အာဘရာဟံ၏သားသမီးများ ဖြစ်သင့်ပါတယ်။ အာဘရာဟံဆိုတာ ယုံကြည်ခြင်း၏ဖခင်ဟု တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီတော့ တနည်းအားဖြင့် ကျွန်ုပ်တို့တတွေလည်း ယေဇူးခရစ်တော်၌ ယုံကြည်ခြင်းရှိမယ်ဆိုလျှင် အာဘရာဟံ၏သားသမီးများအဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။ ထိုအခါ ယေဇူးခရစ်တော်မိန့်ဆိုသလို ဤသူသည်လည်း အာဘရာဟံ၏ သားဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ဤအိမ်သို့ ရောက်လေပြီ။ ပျောက်ဆုံးနေသောသူတို့ကို ရှာဖွေ၍ ကယ်တင်ရန်ကြွလာခြင်းဖြစ်သည်- ဟုမိန့်ဆိုခံရပါလိမ့်မယ်။ ထိုကြောင့် ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့တတွေလည်း အာဘရာဟံ၏သားသမီးများဖြစ်လာကာ ယေဇူးခရစ်တော်၏ ကယ်တင်ခြင်းတရားသည် ယနေ့ကျွန်ုပ်တို့နှလုံးအိမ်မှာ ကြွမြန်းပါပြီ။
ကိုရင် (ဒိုမီနီကန်)
0 Comments