သံလုကာ ၁၇း၅-၁၀
သင်တို့၌ မုန်ညင်းစေ့မျှလောက် ယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား အမြစ်မှနုတ်၍ ပင်လယ်ထဲတွင် ပေါက်နေလော့ဟုဆိုလျှင် ၎င်းသည်သင်တို့၏စကားကို နားထောင်လိမ့်မည်။
ကျွန်ုပ်တို့ကမ္ဘာမှာ အကြီးဆုံးသော၊ အပြင်းထန်ဆုံးသော အင်အားအစွမ်းကို ကျွန်ုပ်တို့တတွေ ဘယ်မှာရှာတွေ့ရှိနိုင်မလဲ။ လူ့သမိုင်းတလျှောက်လုံးမှာ လူသားတွေဟာ ဒီလိုအကြီးဆုံးသော၊ အပြင်းထန်ဆုံးသော အင်အားအစွမ်းကို ရှာဖွေလာခဲ့ကြသည့် ကျွန်ုပ်တို့မျက်မှောက်ခေတ်ထိပါပဲ။ အချို့သားရဲတိရစ္ဆာန်တွေဟာ ကျွန်ုပ်တို့လူသားတွေထက် အစွမ်းကြီးမားတယ်ထင်ပြီး ပူဇော်ကျွေးမွေး ချည်းကပ်ခဲ့ရဘူးတယ်။ အချို့သစ်ပင်ကြီးတွေက ကျွန်ုပ်တို့ထက် အစွမ်းကြီးမားတယ်ထင်ပြီး ရှိခိုးခဲ့ရဖူးတယ်။ လေမုန်တိုင်းတွေဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး ၎င်းတို့၏ဒဏ်ခတ်ခြင်းမခံရအောင် နည်းမျိုးစုံနဲ့ ပူဇော်ပသခဲ့ရဖူးတယ်။ မီးဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး မီးကို ဘုရားအဖြစ် ရှိခိုးခဲ့ရဖူးတယ်။ ရေဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး ရေကြီးခြင်းဒဏ်ခတ်နည်းတွေမှ လွှတ်မြောက်ဖို့ နည်းလမ်းစုံနဲ့ ပူဇော်ပသခဲ့ရဖူးတယ်။ နေဟာ အင်အားအစွမ်းအကြီးဆုံးထင်ပြီး ဘုရားအမှတ်နဲ့ ရှိခိုးခဲ့ရဖူးတယ်။ ကျွန်ုပ်တို့လူသားတွေ တွေးတောထင်မြင်ယူဆခဲ့တာတွေဟာ မိုက်ရူးရဲဆန်နေသလားဗျာ။ တဖက်ကကြည့်ပြန်ရင်လည်း ဤအင်အားအကြီးဆုံးတွေကို လူသားတွေရဲ့ ခြေဖ၀ါးအောက် ရောက်သည်အထိကြိုးစားနိုင်ခဲ့ကြတာကိုလည်း ကျွန်ုပ်တို့သမိုင်းက မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
ဒါကြောင့် တကယ်တော့ လူသားတွေဟာ မိုက်ရူးရဲမဆန်ပါဘူး။ ၎င်းတို့မှာ တမူထူးခြားတဲ့ စဉ်းစားတွေးခေါ်ဉာဏ်ရှိနေလို့ ဒီလိုသမိုင်းတွေဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေမှာ ယုံကြည်ချက်ရှိပါတယ်။ ဒီယုံကြည်ချက်ဟာ ကျွန်ုပ်တို့တတွေကို ကမ္ဘာလောကမှာရှိနေတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေနဲ့ ထိတွေ့ပေးရုံသာမကဘဲ Abstract world ဆိုသည့် စိတ္ထဇကမ္ဘာဟူသော တခြားထိတွေ့ကိုင်တွယ်လို့မရသည့် အရာတွေရဲ့ကမ္ဘာထဲအထိ ထိုးဖောက်နိုင်ပါတယ်။ ထိုကမ္ဘာဟာလည်း အမှန်တရားတွေ ဖြစ်တာကို ကျွန်ုပ်တို့မငြင်းနိုင်ပါဘူး။ ဒဿနဗေဒအရ ၎င်းကို Transcendental, metaphysics, ontology အဖြစ်လေ့လာရပါတယ်။ ဆိုလိုသည်က ရှိမှုဗေဒ (ရုပ်ပိုင်းဆိုင်ရာ၊ စိတ္တဇပိုင်းဆိုင်ရာတို့၏ ဖြစ်တည်ရှိနေမှု့အားလုံး) ကိုဆိုလိုပါတယ်။ ထိုဖြစ်တည်ရှိမှုတွေဟာ သူ့နည်းသူ့သဘာဝအတိုင်း မှန်ကန်နေကြပါတယ်။ ထိုကြောင့် ခရစ်ယာန်ဒဿနမှာ လူသားဟာ ဘုရား၏ပုံသဏ္ဍာန်နှင့်အဆင်းတူအောင် ဖန်ဆင်းခံရသည့် တစ်ခုတည်းသော ဖန်ဆင်းခံဖြစ်၍ လူဟာ ရုပ်ခန္တာနှင့် ၀ိညာဉ်ပေါင်းစပ်တည်ရှိသည့်သတ္တ၀ါဖြစ်ပါတယ်။ ထိုကြောင့် လူဟာ ရုပ်ပိုင်းဆိုင်ရာတွေမှာလည်း အထိအတွေ့ဖြင့် အမှန်တရားကိုသိရှိနိုင်ပြီး စိတ်ပိုင်း၊ ၀ိညာဉ်ပိုင်းဆိုင်ရာဖြင့်လည်း အခြားသောတည်ရှိနေသည့် အမှန်တရားကမ္ဘာကိုလည်း သိရှိနိုင်သောကြောင့် ၎င်းတို့၏ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်တည်ရှိကြောင်း သိရှိနိုင်ပါတယ်။ ဤသည်ပင် ဘုရားသခင်ပေးသနားသည့် အဖိုးမဖြတ်နိုင်သော လက်ဆောင်ပင်ဖြစ်ပါတယ်။
ကျွန်ုပ်တို့ဘ၀ကို ပြန်လည်သုံးသပ်ကြည့်လျှင် ဘ၀မှာအခက်အခဲတွေကြုံလာတိုင်း အခြေခံကျကျပြောရလျှင် ခန္တာအစွမ်းဖြင့် အရင်ဆုံးဖြေရှင်းတတ်ပါတယ်။ ထိုနောက် ဉာဏ်ပညာဖြင့် ဖြေရှင်းတတ်ပါတယ်။ ထိုနောက် တရားဉာဏ်ဟူသော ၀ိညာဉ်ဉာဏ်ဖြင့် ဖြေရှင်းတတ်ကြပါတယ်။ ဒီသုံးဆင့်ထဲမှာ ကျွန်ုပ်နှင့် မိတ်ဆွေဟာ ဘယ်အဆင့်ဖြင့် ဖြေရှင်းတတ်လေ့ရှိပါတယ်။ သေချာတာ တစ်ခုကတော့ ဉာဏ်ပညာဖြင့်ပဲ ဖြစ်ဖြစ်၊ ၀ိညာဉ်ဉာဏ်ဖြင့်ပဲဖြစ်ဖြစ် ဖြေရှင်းတတ်သည်ဆိုနေဦး ကျွန်ုပ်တို့သတိလွတ်သည့်အခါ ခန္တာတုန့်ပြန်မှု့ဖြင့် ဖြေရှင်းမိမှာပါပဲ။ ဒီနေ့ ခရစ်တော်၏ ဧ၀ံဂေလိတရားမှာ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို အမြင့်ဆုံးသော ၀ိညာဉ်ဉာဏ်၏ လက်နက်တစ်ခုဖြစ်သည့် ယုံကြည်ခြင်းကို ထောက်ပြထားပါတယ်။ ကျွန်ုပ်တို့မှာ မုန့်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းသာရှိပါက မဖြစ်နိုင်တာကိုပင် ဖြစ်စေကြောင်း ထောက်ပြထားပါတယ်။ သံမာတေဦး (၁၇း၂၀)မှာလည်း မုန်ညင်းစေ့မျှသော ယုံကြည်ခြင်းရှိပါက တောင်ကိုပင်ရွေ့နိုင်ကြောင်း ပြောဆိုထားသလို၊ သံမာကု (၁၁း၂၃)မှာလည်း စိတ်ထဲမှာ ယုံမှားသံသယ မရှိဘဲ မိမိပြောဆိုသည့်အတိုင်းဖြစ်လာရမည်ဟု ယုံကြည်သောသူသည် ဤတောင်ကို ပင်လယ်ထဲရွေ့ဆိုလျှင်ပင် ရွေ့လိမ့်မည်ဟု ထောက်ပြထားပြန်ပါတယ်။
ကျမ်းစာတော်ထဲတွင် ဂျူးတို့၏ထုံးစံအရ ဘ၀အခက်ခဲဆုံးတွေကို တောင်ကြီးတွေနဲ့ ခိုင်းနှိုင်းပြတတ်ပါတယ်။ ထိုကြောင့် ခရစ်တော်၏ဆိုလိုရင်းတွေထဲမှာ ကျွန်ုပ်တို့ဘ၀တွင် အခက်ခဲဆုံးသောအရာတွေကို ခန္တာအစွမ်း၊ ဉာဏ်အစွမ်းဖြင့် ဖြေရှင်းတာထက် ဘုရားသခင်၌ယုံကြည်ခြင်း မုန်ညင်းစေ့သာရှိရုံဖြင့် ဖြေရှင်းနိုင်ကြောင်း ပညာရှိသဘောတရားဖြင့် ပြောဆိုထားခြင်းဖြစ်ပါတယ်။ ပညာအလိမ္မာကျမ်း၏ အစအဖွင့်စာပိုဒ်မှာပင် ထာဝရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ၏အစမူလပင် ဖြစ်၏။ ဟုမိန့်ဆိုထားပါတယ်။
ခရစ်ယာန်ဘ၀ဖြင့် အသက်ရှင်နေထိုင်နေသည့်အခါ တွေ့ကြုံရတဲ့အခက်ခဲတွေကို သင်နှင့်ကျွန်ုပ်တို့ ဘယ်လိုတုန့်ပြန်နေသလဲ။ ခရစ်ယာန်ဘ၀ဆိုတာ ခရစ်ယာန်ဘ၀ဆိုတာ အစေခံတတ်ခြင်း အပေါ်အခြေတည်ပြီး နှိမ့်ချတတ်ခြင်းအားဖြင့် မထိုက်တန်သည့်အမွေ ကောင်းကင်နိုင်ငံသားအဖြစ်၊ ဘုရား၏မွေးစားသားသမီးများအဖြစ် ကြိုးစားကျင့်ကြံနေသည်ကို မကြာခဏ သင်မေ့နေပြီလား။ သင်လုပ်ရတဲ့ လုပ်ငန်းတာဝန်တွေမှာ အခွင့်အရေးရှာနေမိပြီလား။ သင်ယုံကြည်စွာ လုပ်ဆောင်နေသည့် အစေခံ (ပေးဆပ်ခြင်း) လုပ်ငန်းတွေမှာ မုန်းညင်းစေ့မျှပင် ယုံကြည်ခြင်းမရှိဘဲ ခဏတာဘ၀ ကောင်းစားဖို့သာ လှုပ်ရှားနေသည့် အခွင့်အရေးသမား ဖြစ်နေပြီလား။
စဉ်းစားစရာတွေက များလွန်းနေပါပြီ။ သို့ပေမယ့်လည်း သင့်ဘ၀၊ သင့်ခရစ်ယာန်ဘ၀အတွက် အဓိကသော့ခ်က ဘုရားသခင်ကို ဗဟိုရ်ပြုပြီး မုန်ညင်းစေ့မျှသော ယုံကြည်ခြင်းသာ သင်ရှိပါ။ ယေဇူး၏ထရေးဇားလိုပဲ လုပ်ဆောင်သမျှမှာ သေးငယ်သော်လည်း အကြီးမြတ်ဆုံးသော စိတ်ဖြင့် လုပ်ဆောင်မိနေတော့မှာဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ရင်း သင့်၌ယုံကြည်ခြင်းများ တိုးပွားနေမည်ကိုလည်း သင်-သတိထားမိလိုက်မှာမဟုတ်ပါဘူး။ . . . ကမ္ဘာ့မှာ အင်အားအကြီးဆုံးသော၊ အပြင်ထန်ဆုံးသော အင်အားအစွမ်းကို ကျွန်ုပ်တို့ကိုယ်စီအတွင်း၌သာ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။ ထိုစွမ်းအင်ဖြင့်သာ ကျွန်ုပ်တို့တတွေဟာ ဘ၀ခဏတာရှိ အခက်ခဲတွေကို ကျော်လွန်နိုင်ရုံမကဘဲ နောင်ဘ၀သုခချမ်းသာထိအောင် အခက်ခဲအားလုံးကို ကျော်လွန်သွားနိုင်မှာဖြစ်ပါတယ်။
ဘုရားသခင်၌မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းထားနိုင်ရန် ပထမကြိုးစားရင်း ဘုရားသခင်ပြုစေလိုသော အရာများကိုပြုမူဆောင်ရွက်ရင်း ဘ၀ကို ထိုက်တန်စွာရှင်သန်သွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
0 Comments