ဆုတောင်းခြင်းပြုသည့်အခါ -
ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်တွင် မိမိကိုယ်ကိုဖြောင့်မတ်သည်သောသူဟု ခံယူလျက် တစ်ပါးသူတို့ကို ပြစ်တင်ကဲ့ရဲ့တတ်သူအချို့တို့အား ရည်ရွယ်၍ ခရစ်တော်က ဖာရီဇေဦးနှင့် အခွန်ခံသူ၏ပုံဥပမာကို မိန့်ဆိုထားပါတယ်။ ဖာရီဇေဦးဆိုသည်မှာ အများတကာက ဖြောင့်မတ်သူဟူ၍ ကြည်ညိုလေးစားခြင်းခံရသူ တစ်ဦးဖြစ်ပြီး အခွန်ခံသူမှာ အများတကာက အပြစ်သားဟု သတ်မှတ်ထားသူ၊ ဖြောင့်မတ်ခြင်းမရှိသူဟူ၍ ထင်မြင်ခံရသူဖြစ်ပါတယ်။ အများတကာအမြင်မှာ ထိုနှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦးလုံးဝဆန့်ကျင့်ဘက်ဖြစ် ပါတယ်။ သို့သော်လည်း ခရစ်တော်က ထိုခြားနားသူနှစ်ဦးတို့အကြားရှိ အတွင်းစိတ်နှလုံးခြားနားမှု့ကို သာဓကထား၍ တစ်ပါးသူအား မပုပ်ခပ်ဘဲ မိမိ၏စိတ်နှလုံးကို ဖြောင့်မတ်ခြင်း၌ တည်ထားရန်၊ ထို့အပြင် မိမိဟာ အပြစ်သားဖြစ်နေလျှင်လည်း မိမိကိုယ်ကိုသိ၍ ဘုရားသခင်ဆီမှာ နှိမ့်ချစွာတောင်းလျှောက်လျှင် မိမိတို့၏အပြစ်ဟာ ခွင့်လွတ်ခြင်းချမ်းသာရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။
မိတ်ဆွေ၊ ဘယ်လိုဆုတောင်းမေတ္တာမျိုးဟာ ဘုရားသခင်ကို ကျေနပ်နှစ်သက်စေပါသလဲ။ ကျွန်ုပ်တို့တတွေ ဆုတောင်းသည့်အခါလည်း ဘုရားသခင်ကိုကျေနပ်နှစ်သက်စေပါသလား။ လိုချင်တာကို တောင်းသလား၊ လိုအပ်တာကိုတောင်းသလား။ ဖြစ်သင့်တာကိုတောင်းဆိုသလား၊ ဖြစ်ချင်တာ- ဖြစ်စေချင်တာတွေကို တောင်းသလား။ ဆုတောင်းခြင်းဆိုတာ ကျွန်ုပ်တို့အားလုံးရဲ့ကောင်းကင်ရှိ ခမည်းတော်နှင့် အဆက်အသွယ်၊ ဆက်နွယ်မှု့ပြုလုပ်ခြင်းဖြစ်တယ်- စကားပြောဆိုခြင်းဖြစ်တယ်ဟု ဆိုပါတယ်။ ဒီလို ကောင်းကင်ရှိ ခမည်းတော်နှင့်အဆက်အသွယ်၊ ဆယ်နွယ် စကားပြောဆိုတဲ့အခါ မိမိရဲ့အခြေအနေနဲ့ မိမိအကြောင်း နှိမ့်ချစွာ ပြောဆိုတောင်းလျှောက်သလား၊ ဒါမှမဟုတ် သူတစ်ပါးကိုပဲ အပြစ်တင်ကဲ့ရဲ့ပြီး ခမည်းတော်ဆီမှာ ဒဏ်ခပ်စေဖို့၊ အတင်းပြောနေသလား။ ဒါတွေကို စဉ်းစားထောက်ရှု့ဖို့ လိုအပ်ပါတယ်။
ကျွန်ုပ်တို့လူသားတွေဟာ မိမိကိုယ်ကို မှန်တဲ့ဘက်မှာရပ်တည်နေသည်ဟု မှတ်ယူနေတတ်ကြတာ သဘာဝပင်ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို မှန်တဲ့ဘက်မှာရပ်တည်နေတယ်ဆိုတာကို အခြားသူတစ်ဦးဦးနှင့် နှိုင်းယှဉ်ပြီး ထုတ်ဖော်တတ်ကြပါတယ်။ ဒီနေ့ ခရစ်တော်ပေးသည့် ပုံဥမာထဲမှာလည်း ဖာရီဇေဦးဟာ မိမိကိုယ်ကို မှန်ကန်သည့်ဘက်၊ ဖြောင့်မတ်သည့်ဘက်မှာရှိနေသည်ဟု အခြားသူများ၊ အခွန်ခံသူနှင့် နှိုင်းယှဉ်၍ ဖော်ထုတ်နေတာဖြစ်ပါတယ်။ သို့သော်လည်း အခွန်ခံသူမူကား သူသည် မှန်ကန်သည့်ဘက်၊ ဖြောင့်မတ်သည့်ဘက်မှာရှိနေ၊ မရှိနေဆိုတာကို ဘုရားသခင်နှင့် နှိုင်းယှဉ်၍ ဖော်ထုတ်ပါတယ်။ ထိုသူနှစ်ဦး၏ ဖော်ထုတ်မှုမှာ ဖာရီဇေဦးဟာ မိမိထက်နိမ့်ကျသူ၊ အများတကာက အပြစ်သားများဟု လက်ခံထားသူများနှင့်နှိုင်းယှဉ်၍ သူဟာ အလွန်ဖြောင့်မတ်သည်ဟု မြင်မိကာ မိမိကိုယ်ကို မြှောက်ပင့်ပါတော့တယ်။ ၎င်း၏ဆုတောင်းမေတ္တာဟာလည်း ဘုရားသခင်ရှေ့မှာ ကြွားဝါခြင်းသက်သက်သာ ဖြစ်နေပါတယ်။ အခွန်ခံသူ၏ ဖော်ထုတ်မှုမှာတော့ သူဟာ အရာအားလုံးထက် မှန်ကန်သူ၊ ဖြောင့်မတ်သူဖြစ်တဲ့ ဘုရားသခင်နှင့် နှိုင်းယှဉ်သောကြောင့် မိမိကိုယ်ကို မိမိဘယ်လောက်အပြစ်သားဘ၀၊ မဖြောင့်မတ်တဲ့ဘ၀မှာ ရှိနေသလဲဆိုတာ အတိုင်းသာပေါ်လွင်ကြောင်း သူ့ကိုယ်သူသိရှိလိုက်ရပါတယ်။ ဒီတော့ သူဟာ မိမိအပြစ်ကို ၀န်ချတောင်းပန်ပြီး ဖြောင့်မတ်သန့်ရှင်းခွင့်ကို တောင်းလျှောက်နိုင်ခဲ့ပါတယ်။
ဆုတောင်းမေတ္တာဆိုတာ ကိုယ့်ဖခင်ကို ယုံကြည်မှု့အပြည့်နဲ့ အရာရာကို အပ်နှံရဲသည့် ကလေးငယ်လို ပြုမူခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဖခင်ပေါ်မှာယုံကြည်မှု့အပြည့်ရှိ၍ ဘာပဲဖြစ်ဖြစ် ရဲရဲအပ်နှံခြင်းဟာ ကျွန်ုပ်တို့ရဲ့ဆုတောင်းခြင်းပါပဲ။ ဒါကြောင့် ဆုတောင်းခြင်းရလာဒ်ဟာလည်း ကျွန်ုပ်တို့အပေါ်မှာ မူတည်နေတာမဟုတ်ဘဲ ဖခင်ဖြစ်တဲ့ ကောင်းကင်ရှိ ထာဝရဘုရားသခင်အပေါ်မှာသာ မူတည်ပါတယ်။ သံမာတေဦး (၇း၁၁)မှာ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ဖခင်သည် မိမိထံတောင်းလျှောက်သူတို့အား ကောင်းသောအရာများကို ဆထက်တပိုးပေးမည်ဟု ခရစ်တော်မိန့်ခဲ့ပါတယ်။ ဆုတောင်းမေတ္တာစစ်စစ်ဟာ ဘုရားသခင်၌ အာရုံထား၍ မိမိ၏အဖြစ်၊ အပြစ်များအားလုံးကို နှိမ့်ချသော စိတ်ဖြင့် ၀န်ချတောင်းပန်ရင်း ယခင်လိုသန့်ရှင်းဖြောင့်မတ်တဲ့ ဘ၀နှင့် ဆက်လက်နေနိုင်ရန် ခွန်အားတောင်းယူနိုင်ရမှာဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲများကိုလည်း ကိုယ့်ဖခင်ပေါ်မှာ ယုံကြည်မှု့အပြည့်နဲ့ အပ်နှံအားကိုးရင်း ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။ ဆုတောင်းမေတ္တာစစ်စစ်မှာ တန်ခိုးအစွမ်းတွေရှိပါတယ်။ မိမိထင်ထားတာထက် ပိုပြီးစွမ်းပါတယ်။ သို့သော်လည်း မိမိကိုယ်ကို စစ်မှန်တဲ့ဘက်မှာ၊ မှန်ကန်သည့်ဘက်မှာ၊ ဖြောင့်မတ်သည့်ဘက်မှာ ရပ်တည်နေခြင်း၊ မနေခြင်းကို သင်ဘယ်လိုနှိုင်းယှဉ်သလဲဆိုတာပေါ်မှာလည်း အများကြီးမူတည်နေပါလိမ့်မယ်။ ဘုရားကျောင်းထဲသွားတိုင်း သင်နှင့်ကျွန်ုပ် ဆုတောင်းတယ်လို့ မဆိုလိုနိုင်ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားကျောင်းသွားရုံမကဘဲ ဘုရားကျောင်းထက် နက်ရှိုင်းသည့်နေရာ ခမည်းတော်ဘုရား၏ ရင်ခွင်ထိအောင်သွားရမှာ ဖြစ်ပါတယ်။ သို့မှသာ သင်နှင့် ကျွန်ုပ်ဟာ ကောင်းကင်ရှိဖခင်နှင့် အဆက်အသွယ်၊ ဆက်နွယ်စကားပြောဆိုနေမိမှာဖြစ်ပါတယ်။ ထိုသို့ပြုနိုင်မှသာ ကျွန်ုပ်တို့ဟာ ဆုတောင်းသည်ဟု ဆိုနိုင်ပါလိမ့်မယ်။
ကျွန်ုပ်တို့တတွေ မှန်ကန်သည့်ဘက်၊ ဖြောင့်မတ်သည့်ဘက်မှာ ရပ်တည်နေလား၊ မနေလားဆိုတာကို အတွင်းကျကျ ကိုယ်တော်နှင့်သာနှိုင်းယှဉ်၍ မိမိတို့၏နိမ့်ကျသည့်အဖြစ်ကို မြင်ကာ နောင်တသံဝေဂနှင့် အပြစ်ခွင့်လွတ်ခြင်းတောင်းခံရင်း ကောင်းကင်ရှိ ကျွန်ုပ်တို့၏ဖခင်ထံ အစဉ်မပြတ်ဆုတောင်းသွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
0 Comments