၂၆ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ (၂၉.၉.၂၀၁၃)

သံလုကာ ၁၆း၁၉-၃၁။ 
သူဌေးနှင့်လာဇရု။ 

ယနေ့ဖတ်ရှု့ရမည့် ဧ၀ံဂေလိတရားတော်တွင် သခင်ခရစ်တော်က ကျွန်ုပ်တို့အား သူဌေးကြီးနှင့်လာဇရု ပုံဥပမာပေးပြီး ကျွန်ုပ်တို့လူသားတွေအပေါ် ဘုရားသခင်အလိုရှိသည့် တရားတစ်ခုကို ထောက်ပြနေပါတယ်။ ထိုတရားမှာ သူတစ်ပါးနှင့် ဝေငှတတ်ခြင်းဖြစ်ပြီး အထူးသဖြင့် ကျွန်ုပ်တို့အသိုင်းအ၀ိုင်းရှိ ဆင်းရဲသားများ၊ ဒုက္ခသည်များ၊ ခြို့တဲ့သူများ စသည့် အသိမ်ငယ်ဆုံးသောသူများကို ပစ်မထားဘဲ မိမိတို့ရှိသမျှနှင့် ဝေငှတတ်ဖို့ သွန်သင်နေပါတယ်။ ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဘ၀မှာ ချမ်းသာကြွယ်ဝမှု့၊ လောကစည်းစိမ်တွေဟာ အပြစ်မဟုတ်ပါ။ ချမ်းသာကြွယ်ဝမှု့နှင့် စည်းစိမ်တွေဟာ ဘုရားပေးတဲ့ ကျေးဇူးတော်များပါ။ သို့သော်လည်း ထိုဘုရားပေး ကျေးဇူးတော်များဖြစ်သည့် ချမ်းသာကြွယ်ဝမှု့နှင့်စည်းစိမ်တွေအား ကိုယ့်အတ္တ၊ တကိုယ်ကောင်း ဆန်ဆန်ဖြင့် အသုံးပြု၍ မိမိပတ်ဝန်းကျင်ရှိ ဆင်းရဲသားများကို လျစ်လျူရှု့ထားကာ မဝေငှနိုင်ခြင်းဟာ အပြစ်ဖြစ်ကြောင်း သူဌေးကြီးနှင့်လာဇရုပုံဥပမာမှာ သိသိသာသာ ထောက်ပြထားပါတယ်။

ပြီးခဲ့သည့်အပတ်က ဖတ်ရှု့ရသည့်ဧ၀ံဂေလိကျမ်းတွင်လည်း ခရစ်တော်က ကျွန်ုပ်တို့အား မိမိတို့ပိုင်ဆိုင်သမျှ လောကစည်းစိမ်များအား မရိုးသားသည့်ဘာစိုးကဲ့သို့ ဆင်ခြင်မျှော်မြင်ာဏ်ဖြင့် အသုံးချကာ ခရစ်ယာန်အနာဂတ်ဖြစ်သည့် ထာဝရကယ်တင်ခြင်းကို ရယူဖို့ထောက်ပြခဲ့ပါတယ်။ ဒီနေ့တရားဟာလည်း ထိုခရစ်ယာန်အနာဂတ်ဖြစ်သည့် ထာဝရကယ်တင်ခြင်းကို ရယူဖို့ ကျွန်ုပ်တို့၏ချမ်းသာကြွယ်ဝမှု့တွေအား သူဌေးကြီးလိုမဟုတ်ဘဲ လာဇရုလိုဆင်းရဲသားများ၊ လိုအပ်ချက်အခြေအနေအမျိုးမျိုးရှိသူများကိုလည်း ပေးကမ်းဝေငှတတ်ရမှာဖြစ်ပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်တို့လည်း ခရစ်တော်ပေးသည့် ထာဝရကယ်တင်ခြင်း၏အနာဂတ် မျှော်လင့်ချက်ကို ပိုင်ဆိုင်ဆွတ်ခူးဖို့ စိတ်အားထက်သန်မှု့ရှိပါရဲ့လား။ ထို့အတွက် ဘုရားပေးစည်းစိမ်တွေအား အခြေနေအမျိုးမျိုး၌လိုအပ်နေသော ဆင်းရဲသားများအား ဖဲ့ဝေနိုင်ပြီလား။ ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဟု အမည်ခံထားသော်လည်း အခြေခံတရားလေးတွေကိုပင် မကျင့်ကြံနိုင်သေးလျှင် ရှက်ဖွယ်ကောင်းပါပြီ။

အချင်းချင်းဝေငှတတ်ခြင်းဟာ ခရစ်ယာန်ပင်ဖြစ်ပါတယ်။ ရှေးဦးခရစ်ယာန်များ အသိုင်းအ၀ိုင်းတွင် ဤဝေငှတတ်ခြင်သည် အဓိကနိယာမ တရားတစ်ခုဖြစ်ပြီး အချင်းချင်းဝေငှတတ်သည်ကိုက ခရစ်ယာန်ဖြစ်သည်ဟု သက်သေခံသည်ဖြစ်ကြောင်း တမန်တော်ဝတ္ထုတွင် မှတ်တမ်းတင်ထားသည်ကို တွေ့နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဝေငှတတ်ခြင်းသည် ချစ်ခြင်းမေတ္တာ၏ အသီးအပွင့်တစ်ခု ဖြစ်နေလို့ပါပဲ။ ကျွနု်ပ်တို့အချင်းချင်း မေတ္တာတရားမရှိလျှင် ဝေငှတတ်မည်မဟုတ်ပါ။ ဤသည်ပင် ပထမကျမ်း၏ ပရော်ဖက်အာမုတ်မှ အဓိကထောက်ပြခဲ့သော တရားဖြစ်ပါတယ်။ ပရော်ဖက်အာမုတ် အသက်ရှင်နေထိုင်စဉ်အချိန်က အချို့သူဌေးများဟာ ဆင်းရဲသားများအပေါ်ခေါင်းပုံဖြတ် အမြတ်စားခြင်း၊ လယ်ယာထွက်ကောက်ပဲသီးနှံများကို မတရားနည်းဖြင့်သိမ်းယူခြင်း၊ လူများစွာကို ကျွန်အဖြစ် အရောင်းအ၀ယ်ပြုခြင်း စသည့်မတရားမှု့တို့ကို ကျူးလွန်၍ ၎င်းတို့ပိုင်ဆိုင်သမျှ စည်းစိမ်၌မူကား ၎င်းတို့သာလျှင် ရစ်မူး၍ ဝေငှခြင်းလုံးဝမရှိဘဲ လူတွေစိတ်ထဲမှာ မေတ္တာတရားပျောက်ကင်းနေကြောင်းကို ထောက်ပြထားခြင်းဖြစ်ပါတယ်။ မေတ္တာတရားဟာ အခြေခံအကြောင်းအရင်းဖြစ်ပြီး ဝေငှတတ်ခြင်းဟာ မေတ္တာတရား၏အသီးအပွင့်ဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် ၀ိညာဉ်ရေးမျက်လုံးများကို ဖွင့်ပေးပါတယ်။
သံမာတေဦးကျမ်း (၂၄း၃၁-၄၆)တွင် နောက်ဆုံးသောတရားစီရင်ခြင်းကို ဖော်ပြထားပါတယ်။ ထိုတရားတွင် အဓိကပွိုင့်မှာ အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင်ပြုစု၏။ အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကိုမျှ သင်တို့မပြုစုလျှင် ငါ့ကိုလည်း မပြုစုကြဟု ခရစ်တော်က မိန့်ဆိုခဲ့တာပါ။

မိတ်ဆွေ၊ ခရစ်တော်၏ပုံဥပမာထဲက သူဌေးကြီးအဖြစ်ကို ဆင်ခြင်မိပါသလော။ သူဌေးကြီးကို ဘုရားသခင်က စည်းစိမ်ချမ်းသာ လိုအပ်မှု့အပြည့်အစုံကို ဖြည့်ဆည်း၍ ကျေးဇူးတော် သွန်းလောင်းပေးထားသော်လည်း သူဌေးကြီးမူကား ထိုပစ္စည်းများဖြင့် သံချေးပိုးရွတို့မဖျက်ဆီးနိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်း မပြုနိုင်သော ကောင်းကင်ဘာကို မစုဆောင်းနိုင်ခဲ့။ ကျွန်ုပ်တို့ဘ၀မှာလည်း ဘုရားသခင်က သူဌေကြီး၏ လိုအပ်မှု့တွေကိုဖြည့်ဆည်းပေးသလို ချမ်းသာကြွယ်ဝမှု့အချို့ဖြင့် ပံ့ပိုးပေးထားပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေလည်း သူဌေးကြီးလိုပဲ ထိုပစ္စည်းများဖြင့် သံချေးပိုးရွတို့မဖျက်ဆီးနိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်း မပြုနိုင်သော ကောင်းကင်ဘာကို မစုဆောင်းဘဲနေကြမလား။ ကျွန်ုပ်တို့အတွက် စဉ်းစားထောက်ရှု့စရာပါပဲ။

အကယ်၍ ဆင်းရဲသား လာဇရုဘ၀ဖြင့် ဘ၀မှာကြုံခဲ့ရလျှင် ကျွန်ုပ်တို့တတွေ စိတ်ပျက်ခြင်းမရှိသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့ကို ဘုရားသခင်ကူညီမစ၍ နှစ်သိမ့်ခြင်းပေးမှာ မုချပင်ဖြစ်ပါတယ်။ လာဇရု၏ အနက်အဓိပာယ်မှာ ဘုရားသခင်သည် ငါ၏အကူညီဖြစ်၏ ဟုအဓိပာယ်ရပါတယ်။ ထိုကြောင့် ခွန်အားယူစရာပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေလည်း ဘုရားသခင်၌ ခွန်အားယူပြီး သူဌေးကြီး၏အဖြစ်ကိုစဉ်းစားထောက်ရှု့ရင်း တရားတွေ့နိုင်ကြပါစေ။ မိမိတို့ပတ်ဝန်းကျင်မှာ အခြေအနေအမျိုးမျိုးဖြင့်လိုအပ်ချက်များရှိနေသော ဆင်းရဲသားကိုလည်း သတိရပေးကမ်းဝေငှတတ်ပြီး ခရစ်ယာန်ပီပီ ပြုမူနေထိုင်နိုင်ပါစေကြောင်း ထပ်ဆင့်ဆုတောင်းအပ်ပါတယ်။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments