သံမာတေဦး (ကျမ်းရေးပုဂ္ဂိုလ်နှင့် တမန်တော်ကြီး)

 
မာတေဦးသည် မရိုးမဖြောင့်သည့်အပြင် လောဘတို့ဖြင့်ပြည့်နေသည့် အခွန်ခံတစ်ဦးဖြစ်ခဲ့ပြီး ခရစ်တော်နှင့်တွေ့ချိန်၊ ခရစ်တော်၏ရွေးကောက်ခြင်းခံခဲ့ရပြီး တပည့်တော်ကြီး ၁၂ပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

မာတေဦးကိုစသိရတာတော့ ကာဖာနာအုန်မြို့၏အခွန်ရုံးတွင် လယ်သမားများ၊ ကုန်သည်များနှင့် ကူလီလှည်းသမားများထံမှ သယ်ဆောင်လာသည့်သွင်းကုန်ပစ္စည်းများ၏အခွန်ကို ကောက်ခံသိမ်းစည်းရတဲ့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ရောမအင်ပါယာ၏အုပ်ချုပ်မှု့စနစ်အောက်တွင် မာတေဦးသည် အခွန်အတွက် ကျသင့်ငွေများကို ကြိုတင်ပေးထားရပြီးမှ သူ့အတွက် အမြတ်အကျန်ဖြင့် အခြားမြို့သူမြို့သားများနှင့် ခရီးသွားများထံမှ ပြန်လည်ကောက်ခံပါတယ်။

ထိုကြောင့် အခွန်ခံသူတွေဟာ မိမိတို့လူမျိုးအချင်းချင်းအပေါ်မှ အကျိုးအမြတ် များများစားသည့်အတွက် လူ့အသိုင်းအ၀ိုင်းမှာတော့ အကျင့်ပျက်ချစားနေသူများအဖြစ် နာမည်ဆိုးတွင်သူတွေဖြစ်ပါတယ်။ အပြစ်ရှိသူများအဖြစ် လူတွေက သူတို့ကိုမြင်ကြတယ်။ မာတွေဦးဟာလည်း ထိုသူများထဲက တစ်ဦးပါပဲ။

မာကုကျမ်းနှင့် လုကာကျမ်းမှာတော့ မာတေဦးကို လေ၀ိအဖြစ်ခေါ်ဆိုထားပါတယ်။ လေ၀ိဆိုတာ အီစရာအဲလ်လူမျိုး ၁၂ မျိုးထဲက ရဟန်းမျိုးဖြစ်ပါတယ်။ မာတေဦးဟူသော အမည်၏အဓိပ္ပာယ်မှာ ဘုရားသခင်၏လက်ဆောင်တော်ဟူ အဓိပ္ပာယ်ရပါတယ်။

ခရစ်တော်သခင်သည် ထိုအခွန်ခံ မာတေဦးအား သူ၏နောက်လိုက်တပည့်တော်ကြီးအဖြစ် ခေါ်သောအခါ မာတေဦးသည် သူ၏အိမ်၌နှုတ်ဆက်ပွဲအကြီးအကျယ်ကျင်းပကြောင်း မာတေဦးကိုယ်တိုင်ရေးကျမ်း၌ မှတ်တမ်းတင်ထားပါတယ်။ ထိုပွဲတွင် ခရစ်တော်လည်းပါဝင်၍ အခွန်ခံ၏မိတ်ဆွေအပေါင်းအသင်းများနှင့် အတူတူစားပွဲမှာထိုင်၍ ဖာရိရှဲယ်တို့ ရဟန်းအကြီးအကဲတို့၏ အပြစ်တင်ခြင်းကိုခံခဲ့ရပါသေးတယ်

မာတေဦးကတော့ ခရစ်တော်၏ခေါ်တော်မူခြင်းနှင့်ရွေးကောက်ခြင်းခံခဲ့ရပြီးနောက်တွင် အခွန်များကို စုစည်းကောက်ခံသူမဟုတ်တော့ဘဲ ကောင်းကင်နိုင်ငံတော်အတွက် ၀ိညာဉ်များကို စုစည်းသည့် ၀ိညာဉ်ရေးလမ်းပြကြီးတစ်ဦးဖြစ်လာခဲ့ပါတော့တယ်။

အပြစ်သားဟု ဆိုသော်လည်း ခရစ်တော်အတွက်မူ ရွေးကောက်နိုင်စွမ်းရှိပါတယ်။ ကျန်းမာသူသည် ဆေးဆရာကို မလိုသော်လည်း၊ ဖြောင့်မတ်သောသူတို့ကို ခေါ်ရန်လာသည်မဟုတ်သော်လည်း . . .ခရစ်တော်ကြွလာသည်မှာ - အပြစ်ရှိသူတို့ကိုကယ်တင်ရန်နှင့်ခေါ်ရန် ကြွလာတော်မူခဲ့လေ၏။ မာတေဦးသည်လည်း အပြစ်တို့ခွင့်လွှတ်ခြင်းခံရသည့်တိုင် ခရစ်တော်အတွက် ပေးဆပ်သွားသည်ကာ အတုယူဖွယ်ဖြစ်ပေတည်း။
မနောအောင်

Post a Comment

0 Comments