ကမ္ဘာ့လူငယ်များနေ့ကို ကက်သလစ် အသင်းတော်မှ ဦးစီး ဦးဆောင် ကျင်းပလေ့ရှိကြောင်း ကမ္ဘာတ၀ှမ်းမှာ သိထားကြပါတယ်။ လူတွေကတော့ ဒါဟာ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ရဲ့ အကောင်းဆုံး စတင်ဖန်တီးခဲ့မှု့ဟု ချီးမွမ်းလေ့ ရှိပါတယ်။ သို့သော်လည်း ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ကတော့ ဒါဟာ လူငယ်တွေ ကိုယ်တိုင်ရဲ့ ဖန်တီးမှု့ ဖြစ်ပါတယ်ဆိုပြီး ပြန်လည် ချီးမွမ်းလေ့ရှိပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ - ယနေ့အချိန်မှာတော့ ဒီ ကမ္ဘာ့လူငယ်များနေ့ပွဲတော်ကြီးဟာ ထွန်းထွန်းတောက်တောက်၊ ကမ္ဘာတ၀ှမ်း သတင်းကောင်းတွေ ပါးနေပါပြီ။
၁၉၈၃-၈၄ ခုနှစ်၏ မေတ္တာပန်း တနင်္ဂနွေနေ့၌ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်ဟာ ထူးထူးခြားခြား လူငယ် များစွာနှင့်တွေ့ဆုံဖို့ အတွက် အခမ်းအနားလေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ထိုအခမ်းအနားကို စီစဉ်သူတွေကတော့ လူငယ်ပေါင်း ၆ထောင်ခန့် တက်ရောက် လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခမ်းနားတွင် လူငယ်ပေါင်း နှစ်သိန်းငါးသောင်း တက်ရောက် ပါဝင်လာပါတယ်။
၁၉၈၅ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးမှ အပြည်ပြည်ဆိုင်ရာ လူငယ်များနှစ် အဖြစ် ကြေငြာခဲ့အပြီး ပုပ်ရဟန်းမင်းကြီးသည်လည်း အသင်းတော် အနေဖြင့် လူငယ် မျိုးဆက်အတွက် မည်မျှ တန်ဖိုးထားကြောင်း၊ ဂရုစိုက်ကြောင်း အသိပေးသလိုဖြစ်အောင် ၎င်းနှစ် မေတ္တာပန်း တနင်္ဂနွေတွင် လူငယ်များနှင့် ထပ်မံတွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဉ် ခဲ့ပါတယ်။ ထိုနှစ်အခမ်းနားတွင် လူငယ်ပေါင်း သုံးသိန်းဟာ ရောမမြို့သို့ လာရောက်ကြပြီး ဘုရားဖူးရင်း ဆုတောင်းရင်း စိန်ပီတာ ရင်ပြင်တော်တွင် အခမ်းနားကို ပါဝင် တက်ရောက်လာကြောင်း တွေ့ရပါတယ်။
ထို အခမ်းအနားနှစ်ခု ပြုလုပ်အပြီးမှာတော့ လူငယ်ပေါင်းများစွာဟာ ၎င်းတို့၏ စိတ်ထဲမှာ တခုခု ဆာလောင် ငတ်မွတ်နေမှန်း ရိပ်မိလာကြတယ်။ သူတို့ဘာကြောင့်များ အဲဒီ အခမ်းအနားကို အဲဒီလောက် လူအုပ်ကြီးအဖြစ် သွားမိနေကြတာလဲ ဆိုတာ မေးခွန်း တစ်ခုဖြစ်နေတယ်။ ပုပ်ရဟန်းမင်းကြီး ကတော့ လူငယ်တွေကို မေးလိုက်ပါတယ်- ယခုလို ရောမမြို့မှာ ဘုရားဖူးလာရင်း လူငယ်အခမ်းနားမှာ ပါဝင်လာတာဟာ သင်တို့ စိတ်နှလုံးသားထဲမှာ ခရစ်တော်ကိုများ သူရဲ့ အံ့ဖွယ်ရာတွေထဲမှာ ရှာဖွေနေကြ သလား။ မှန်ပါတယ် - သင်တို့ဟာ အမှန်တရားရဲ့ ပြည့်စုံမှု့မှာ ရှာဖွေနေကြတာပါ။ အဲဒီ အမှန်တရားဟာလည်း လူသား သမိုင်း တခွင်မှာ ခရစ်တော် ကိုယ်တော်တိုင် ဖြစ်ပါတယ်။
ထိုနောက် ၁၉၈၆ ခုနှစ်မှာတော့ လူငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း ကမ္ဘာ့ လူငယ်များနေ့ကို သာသနာ အသီးသီးမှာ ကျင်းပစေခဲ့ပါတယ်။ ထိုနောက် ၁၉၈၇ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ လူငယ်များနေ့ကို အာဂျင်တီးနားနိုင်ငံ၊ ဘူအဲနော့စ် အိုင်ရက်စ်မှာ ကျင်းပခဲ့ပါတယ်။ ထို ကမ္ဘာ့လူငယ်များနေ့ အတွက် သတင်းကောင်းမှာ “ ခရစ်တော်၏ ချစ်ခြင်းမေတ္တာ၌ သက်သေ ခံကြလော့။ မျှော်လင့်ချက်ကို ကြဲသောသူနှင့် ငြိမ်းချမ်းခြင်းကို တည်ဆောက်သူများ ဖြစ်ကြလော့။” ဟူ၍ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်တွင် စပိန်နိုင်ငံ၊ ဆန်တီယာဂိုဒေ ကွန်ပိုစတေလာမြို့မှာ ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “ ရဟန္တာများ ဖြစ်ဖို့ မကြောက်ကြနှင့်” ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်မှာတော့ ပိုလန်နိုင်ငံ၊ ချက်စတိုခိုဝါမြို့တော်တွင် ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “ သင်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကမ္ဘာကြီးကို တောင်းဆိုတတ်သူ ဖြစ်ပါစေ။ ပထမဆုံး မိမိကိုယ်ကို တောင်းဆိုတတ်သူ ဖြစ်ပါစေ။ ဘုရားသခင် ကလေးငယ်များ ဖြစ်ကြလော့။ ထိုနောက် ဂုဏ်ယူကြလော့။” ဟူ၍ ဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာတော့ အမေရိကရှိ ကိုလိုယာဒိုပြည်နယ်မှ ဒမ်ဗားမြို့တော်တွင် ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “ခရစ်ယာန် ချစ်ခြင်းမေတ္တာ၏ လူနေမှု့ကို တည်ဆောက်ဖို့ သင်တို့ရဲ့ ငယ်ရွယ်သည့် အားအင်သစ်တွေကို လှူဒါန်းပါ။ ဖြူစင် ရိုးသားသူများ၊ အားနည်းသူများ၊ ဆင်းရဲသားများနှင့် ဖိနှိပ်ခံများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သက်သေခံကြလော့။” ဟူ၍ ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ အရှေ့တောင် အာရှရှိ ဖီလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့ပြီး လူငယ်ပေါင်း ငါသန်းခန့် တက်ရောက်ခဲ့ပါတယ်။ ထိုအခမ်းနားဟာ ကမ္ဘာ့ ပရိတ်သပ် အများဆုံး တက်ရောက်သည့် ဖြစ်ရပ် အဖြစ် ဂီးနက်စ် ကမ္ဘာ့မှတ်တမ်းများအဖွဲ့မှ အသိမှတ်ပြု ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ ကျင်းပ ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ အီတလီနိုင်ငံ၊ ရောမမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၂ မှာတော့ ကနေဒါနိုင်ငံ၊ တိုရမ်တိုမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ဂျာမနီနိုင်ငံ၊ ကိုလွန်းမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ထိုပွဲတော်မှာပဲ သောမတ်စ် ဂေဗြရယ်မှ ကမ္ဘာ့ မစ္ဆားဟူ၍ Kyrie ကိုရေးစပ်ပေးခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ သြစတေးလျမှာ ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “သင်တို့သည် သန့်ရှင်းသော ၀ိညာဉ်တော် ဘုရား ဆင်းကြွလာသည့် အခါ တန်ခိုးကျေးဇူးတော်ကို ခံယူ ကြရလိမ့်မည်။ ထိုနောက် သင်တို့သည် ငါ၏ သက်သေခံများ ဖြစ်ကြလိမ့်မည်။” ဟူ၍ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ လူငယ်များနေ့ကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “သင်တို့၏ ဘ၀ အသက်တာကို ယေဇူးခရစ်တော်၌ အခြေခံ၍ တည်ထောင်ကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲကြလော့။” ဟူ၍ ဖြစ်ပါတယ်။ လူငယ်ပေါင်း နှစ်သန်းကျော် တက်ရောက်ခဲ့ကြပါတယ်။
ယခုနှစ် ၂၀၁၃ ခုနှစ်မှာတော့ ကမ္ဘာ့လူငယ်များနေ့ကို ဘရာဇီးလ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ဆောင်ပုဒ်မှာ “ သွား၍ လူမျိုးတကာတို့အား ငါ၏ တပည့်များ ဖြစ်စေကြလော့” ဟူ၍ ဖြစ်ပါတယ်။
မနောအောင်
0 Comments