သမ္မာတရာ၏၀ိညာဉ်တော်ကြွလာသောအခါ သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အား သွန်သင်တော်မူလိမ့်မည်။ (ယောဟန် ၁၆း၁၃)
အကန့်အသပ်ဖြင့်ရှင်သန်နေသရသည့် သတ္တ၀ါများ၊ ဖန်ဆင်းခံများ ဖြစ်သည့်အလျောက် ကျွန်ုပ်တို့လူသားများအတွက် အကန့်အသပ်မရှိ၊ ထာဝရဟူသော ဘုရားနှင့်ဆိုင်သည့် နက်နဲလှသည့် အရာများကို သိနားလည်ဖို့ဆိုတာ ယေဘုယျအားဖြင့်တော့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ဘုရားနှင့်လူသားများဟာ အဝေးကြီးမှာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူသားများဟာ ဘုရား၏ပုံသဏ္ဍန်နှင့် ဆင်တူ ဖန်ဆင်းခံရပြီး ဘုရား၏ဇာတိတော်၌ မိမိ၏ဦးနှောက်ဉာဏ်နှင့် နှလုံးသားဖြင့် ရှင်သန်နေကြခြင်းကြောင့်ပင် ဖြစ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားအကြောင်း မသိဘူးလားဆိုတော့လည်း မဟုတ်ပါဘူး- သိကြပါတယ်။ သိကြပါသလားဆိုတော့လည်း လုံးဝအပြည့်အစုံ မသိကြပါဘူး။ ဤသည်ပင် ကျွန်ုပ်တို့အတွက် နက်နဲဖွယ်ရာ ဖြစ်နေပါတယ်။
နက်နဲဖွယ်ရာတွေမှာ လူတချို့က စိတ်ရောကိုယ်ပါနှစ်မြောသွားကြတတ်သလို တချို့လူတွေကတော့ အကြောင်းမျိုးမျိုးကြောင့် စိတ်ပျက်သွားတတ်ကြပါတယ်။ ခရစ်ယာန်များအတွက်တော့ စိတ်ပျက်သွားဖို့ မဟုတ်ဘဲ အနှစ်သာရများပင် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုနက်နဲဖွယ်ရာများဟာ ကျွန်ုပ်တို့အတွက် စစ်မှန်သည့် အနာဂတ်ပြည့်စုံရာ မျှော်လင့်ချက်ဖြစ်ပါတယ်။ ထို့အပြင် နက်နဲရာများသည် ကျွန်ုပ်တို့အတွက် ဘ၀အခြေခံတရားများနှင့် နိယာမများကို မွေးထုတ်ပေးသဖြင့် လက်ရှိဘ၀မှာလည်း ရှင်သန်ထိုက်အောင် ဖန်တီးပေးပါတယ်။
ယနေ့အသင်းတော်တွင် အမြင့်ဆုံးသောနက်နဲဖွယ်ရာဖြစ်သည့် သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲနေ့ကို ကျင်းပခြင်းအားဖြင့် ဘာသာဝင်များ၏ အသိဉာဏ်နှင့် နှလုံးသားကို ဆော်အော်နေပါတယ်။ ယေဇူးခရစ်တော်၏သွန်သင်ချက်များအပေါ် အခြေခံ၍ စစ်မှန်သော ကက်သလစ် အသင်းတော်၏သွန်သင်ချက်တွင် ဘုရားဟာတစ်ဆူတည်းဖြစ်သော်လည်း ပုဂ္ဂိုလ်သုံးပါးဖြင့် ပေါင်းစပ်ထားပြီး ထိုပုဂ္ဂိုလ်သုံးပါးဟာ ခွဲခြား၍မရပေ။ တချိန်တည်းမှာပင် ထိုပုဂ္ဂိုလ်သုံးပါးဟာ တစ်ဦးစီသီးသန့်ရပ်တည်ပြီး အချင်းချင်းတန်းတူဖြစ်သည်ဟု ဆိုပါတယ်။ (ဤသွန်သင်ချက်ဖြင့် ကျွန်ုပ်တို့ဟာ ဘုရားကို အကန့်သပ်လုပ်လိုက်ခြင်းမဟုတ်ပါဘူး။ လူ့အသိညဏ်ဖြင့် နားလည်နိုင်အောင် ဘုရားကိုယ်တော်တိုင် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကိုဖြတ်သန်းပြီး ထုတ်ဖော်ပြသခဲ့သည့် သူ၏ဇာတိကို ပြန်လည်ပဲ့တင်ထပ်ခြင်းသာ ဖြစ်ပါတယ်)။
ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် မိမိကိုယ်ကို ဖန်ဆင်းရှင်၊ ထာဝရဘုရား၊ အနန္တတန်ခိုးတော်နှင့်ပြည့်စုံသည့် ဘုရား၊ တရားမျှတသည့်ဘုရား၊ စသဖြင့် ထုတ်ဖော်ပြသခဲ့ပါတယ်။ ထိုဓမ္မဟောင်း၏အမြင့်ဆုံးသော ဖော်ပြခြင်းတွင် ဧမာနုအဲလ်ဟူသော ကယ်တင်ရှင်မက်စီးယား၏ ဟောပြောချက်ပင်ဖြစ်ပါတယ်။ ကယ်တင်ရှင်မက်စီးယားမှာ ဘုရားကိုယ်တော်တိုင် လူ့အဖြစ်ကိုယူ၍ လူသားအားလုံးကို ကယ်တင်ဖို့ လူတွေနားလည်နိုင်သည့်နည်းလမ်းဖြင့် စစ်မှန်သည့် ထာဝရလမ်း၊ အမှန်တရားနှင့် မေတ္တာတရားတို့ကို ကိုယ်တိုင်ကျင့်ကြံလမ်းပြပေးသူဖြစ်ပါတယ်။ ထိုဟောပြောချက်အတိုင်း ယေဇူးခရစ်တော်သည် လူ့အဖြစ်ကိုယူခဲ့ပြီး ကောင်းကင်နိုင်ငံ၏တရားတော်ကို ဟောပြောသက်သေခံပြီး ဘုရားနှင့်ဆိုင်ရာနက်နဲဖွယ်ရာများကို ထုတ်ဖော်ပြခဲ့ပါတယ်။ ထိုထုတ်ဖော်ပြသခြင်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့လူသားများအား ဖန်ဆင်းပြီးကတည်း ဘယ်တော့မှ စွန့်ပစ်မထားဘဲ တနည်းမဟုတ် တနည်းကြည့်ရှု့စောင့်ရှောက်နေပြီး အန္တရာယ်များမှ ကယ်တင်ပေးနေသည်ကို သိနိုင်ပါတယ်။ ခရစ်တော်ဟာ ကောင်းကင်ဘုံသို့တက်ကြွတော်မူပြီး ကျွန်ုပ်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို လမ်းညွှန်ဦးဆောင်နေပါတယ်။ ထိုဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား အားလုံးသော အမှန်တရားဆီကို ဦးဆောင်လမ်းပြသွားမည်ဟု ခရစ်တော်၏ယနေ့ တရားတော်တွင်ဖော်ပြထားပါတယ်။ ဤသည်ပင် ကျွန်ုပ်တို့၏အသက်ရှင်ရခြင်း အဓိပ္ပာယ်ခရီးပင် ဖြစ်ပါတယ်။
သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးသည် ကျွန်ုပ်တို့ဘ၀၏ တစ်ခုတည်းသော၊ စစ်မှန်သော အတုယူစရာဖြစ်သလို၊ တစ်ခုတည်းသော ရှင်သန်ရာဘ၀အဓိပ္ပာယ်ပင်ဖြစ်ပါတယ်။ ဘုရား (ပုဂ္ဂိုလ်သုံးပါး)သည် ကျွန်ုပ်တို့ကို ဘုရားဇာတိနှင့်အတူ၊ ၎င်းတို့ဖြင့်ပုံစံတူ၊ အသွင်တူ သဏ္ဍန်တူဖန်ဆင်းခဲ့၍ ကျွန်ုပ်တို့တတွေဟာ ဘုရားဇာတိနှင့်ဆိုင်ရာ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ ချစ်ခြင်းမေတ္တာ စသည့်အရာများကို တမ်းတမက်မောကြ၍ ရှာဖွေနေကြခြင်းဖြစ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တစ်ဦးစီတိုင်းတွင် ဂုဏ်သိက္ခာရှိပြီး အခြေခံလူ့အခွင့်ရေးများ ရှိနေပါတယ်။
သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါဟာ တစ်ပါးနှင့်တစ်ပါး အတွင်းကျကျ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေတည်ပြီး ပေါင်းစီးနေခြင်းဖြစ်ပါတယ်။ ထိုကြောင့် ဘုရားဇာတိမှာ ဖန်ဆင်းခံရသည့်လူတွေဟာလည်း တစ်ဦးနှင့်တစ်ဦး အတွင်းကျကျ မေတ္တာတရားဖြင့် ရောနှောဆက်ဆံကြဖို့လိုပါတယ်။ သဘာဝအလျောက်လည်း ထိုကဲ့သို့ ရောနှောဆက်ဆံတတ်သည့် သတ္တ၀ါများဖြစ်ပါတယ်။ ဒီလိုရောနှောဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့ရဲ့လူ့အသိုင်းဝိုင်းကြီးဟာ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘ၀ဆိုတာ ထိုကဲ့သို့ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့် အရေးများအပေါ်မှာ တရားမျှတခြင်း၊ တန်းတူညီတူ ဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်းတို့ဖြင့် ရှင်သန်နေပြီး အချင်းချင်းရိုင်းပင်းကူညီရင်း ရောနှောဆက်ဆံ ပူးပေါင်းကာ ကျွန်ုပ်တို့လောကကြီးကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ၏ဘ၀ပင် ဖြစ်ရပါမယ်။
ဒီနေ့ ကျွန်ုပ်တို့ဘ၀မှာ ထိုကဲ့သို့ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးနှင့် ထိတွေ့ကြုံပြီး ၀ိညာဉ်တော်ဘုရား၏ ဦးဆောင်မှု့အောက်မှာ ခရစ်ယာန်ဘ၀ဖြင့် ရှင်သန်နေကြပြီလား။ ခေတ္တခဏမျှ စဉ်းစားထောက်ရှု့ကြည့်ပါ။ ထိုကဲ့သို့သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးနှင့် ထိတွေ့ကြုံပြီး ၀ိညာဉ်တော်ဘုရား၏ ဦးဆောင်မှု့အောက်မှာ ခရစ်ယာန်ဘ၀ဖြင့် ရှင်သန်နေကြပြီဆိုလျှင် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေ” အော်ဟစ်လိုက်ပါတော့။
ကိုရင် (ဒိုမီနီကန်)
0 Comments