ယေဇူးခရစ်တော် ဒုက္ကစရိယာ ခံထမ်းတော်မူသော သောကြာနေ့ကြီး။
သခင်ခရစ်တော်၏ ဒုက္ကစရိယာခံထမ်းတော်မူသော နေ့သည် ကျွန်ုပ်တို့ခရစ်ယာန်များအတွက်၊ လူသားများအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မျက်စိပွင့်နားပွင့် ဖြစ်စေရာ အကြောင်းဖြစ်ပါတယ်။
သခင်ခရစ်တော်အသက်ရှင်နေထိုင်စဉ်အတွင်း ဟောပြောချက်များ ပြည့်စုံစေရန် အစလည်းဖြစ်ပါတယ်။ ထိုကြောင့် အသင်းတော်အတွင်း အီစတာနေ့မြတ်ကြီးသုံးရက်ဆိုပြီး သောကြာနေ့ကြီး၊ စနေနေ့ကြီးနှင့် တနင်္ဂနွေနေ့ကြီးတို့ကို ရည်ညွန်းခေါ်ဆိုကြပါတယ်။
တပည့်တော်ကြီးများနှင့်အတူ နောက်ဆုံးညစာ စားပွဲတော် ကျင်းပခဲ့ရခြင်းမှာ ဓမ္မဟောင်းအား ဓမ္မသစ်ဖြင့် ဖြည့်စွက်ရန်နှင့် ယေဇူးသခင်သည် ပရော်ဖက်တို့ဟောပြောခဲ့သော ခရစ်တော်ဆိုသူ၊ ဘုရားသခင်၏ ဘိသိပ်ခံသူ၊ လူသားများ၏ ကယ်တင်ရှင် မက်စီးယား၊ ဒါဝိတ်၏အမျိုးအနွယ်မှ ဆင်းသက်လာသူ ဂျုးတို့၏ ဘုရင်စစ်စစ်ဖြစ်ကြောင်းကို ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဂျူးတို့၏ ပါစကားပွဲတော် (လွတ်မြောက်ရာပွဲတော်)မှာ ခရစ်တော်၏နောက်ဆုံးညစာ စားပွဲတော်ဖြင့် အစားထိုး ဖြည့်စွက် ပေးခဲ့ပါတယ်။
ထိုနောက် သံလွင်ဥယာဉ်သို့ဆက်လက်ကြွချီကာ အဖခမည်းတော်နှင့် ညလုံးပေါက် ဆုတောင်း စကားပြောဆိုနေခဲ့ပါတယ်။ လူသားစင်စစ်အဖြစ်ကို ယူခဲ့သည့် ယေဇူးခရစ်တော်ဟာ လူသားပီပီ ဤသို့ကြီးမားသည့် ပေးဆပ်ခြင်းကို ပေးဆပ်လိုသော်လည်း ကြောက်ရွံ့ခဲ့သည်မှာ လူပီသလွန်းပါတယ်။ "အိုအဖ ကိုယ်တော်အလိုရှိလျှင် ဤခွက်ဖလားတော်ကို ကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ" . . .
သို့သော်လည်း ဘုရားစင်စစ်ဖြစ်သည့်အတိုင်း ယေဇူးခရစ်တော်၏ ဘုရားဇာတိမှာ ဤခွက်ဖလားတော်ကို ခံယူရန် ကြိုတင်ပြင်ဆင်၍ ဆန္ဒရှိနှင့်ပြီးသားပင် ဖြစ်ပါတယ်။
ခရစ်တော်၏ ဒုက္ကစရိယာကျင့်စဉ်တခုလုံးသည် လူသားတွေအပေါ်ထားသည့် သူ၏ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာ အနှစ်ချုပ်ပင်ဖြစ်ပါတယ်။ "မိတ်ဆွေတစ်ဦးတစ်ယောက်အတွက် မိမိအသက်ကို ပေးဆပ်စတေးသည့် ချစ်ခြင်းမေတ္တာထက် ကြီးမြတ်သည့်ချစ်ခြင်းမေတ္တာ မရှိ" ဆိုတာ ခရစ်တော်၏ ဒုက္ကစရိယာက သက်သေတည်ပါပေတယ်။ မိုးဇယ်၏အချိန်ကာလတွင် ဘုရားသခင်က လူတွေအတွက် သင့်လျော်သော ပညတ်တော် ၁၀ပါးကို ပေးခဲ့တယ်။ သို့သော်လည်း ခရစ်တော်၏အချိန်ကာလတွင် ထိုပညတ်တော်များ၏ အချုပ်ကိုဖွင့်ဟမိန့်ဆိုကာ ချစ်ခြင်းမေတ္တာပညတ် ၂ပါးကိုသာ ပေးခဲ့ပါတော့တယ်။
သခင်ခရစ်တော်အသေခံတော်မူပြီးနောက် တပည့်တော်ကြီးများလည်း သုံးရက်မြောက်သောနေ့ကို စောင့်မျှော်နေခဲ့သလို၊ မယုံကြည်သူများသည်လည်း အာဏာပိုင်များအားကိုးဖြင့် စောင့်မျှော်ခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာလည်း ဒီလို ယုံကြည်သူ ကျွန်ုပ်တို့ဘာသာဝင်တွေအနေဖြင့် အီစတာပွဲတော် သုံးရက်မြောက်သောနေ့ကို စောင့်မျှော်နေသလို မယုံကြည်သူများလည်း ကျွန်ုပ်တို့၏အီစတာပွဲတော်ကြီး အားစောင့်မျှော်နေတာ ရှိပါတယ်။ ခရစ်တော်၏နောက်လိုက်ကောင်းများအနေဖြင့် အကောင်းဆုံးသက်သေခံကာ ပါစကားပွဲတော်ကြီးကို ပါဝင်သွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
0 Comments