နောင်တမရလျှင် ပျက်စီးမည့် အကြောင်း (လုကား ၁၃း၁-၉) တရားတော်ကို ယနေ့တတိယ ၀ါတွင်း တနင်္ဂနွေနေ့ကျမ်းအဖြစ် ကြားနာရမည်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ ကမ္မဌာန်း ထောက်ရှု့ကြည့်ဖို့ ဖိတ်ခေါ်ပါသည်။
အင်္ဂလိပ်စကားပုံမှာ “Never too late” - ဘယ်အရာမှ နောက်ကျတယ်ဆိုတာ မရှိပါဘူးဟူ၍ အမြဲလိုလို ကြားဖူးကြလိမ့်မည်ဟု ထင်ပါသည်။ ယနေ့ တရားတော်သည်လည်း ထိုနည်းတူ ဖြစ်ပါသည်- အပြစ်များစွာကျူးလွန်မိလို့ ခွင့်လွှတ်ခြင်းမရနိုင်ဘူးဟု ထင်နေလျှင်ပင် သဖန်းပင်ဥပမာလိုပဲ နောက်ထပ် အခွင့်အရေး ဘုရားသခင်ကပေးထားပြီး စိတ်ရှည် တော်မူကြောင်းကို ခွန်အားယူနိုင်ပါသည်။
ကျွန်ုပ်တို့ဘ၀တလျှောက်မှာ ဘုရားနှင့်ပတ်သက်၍ မေးခွန်းပေါင်းများစွာ ထုတ်မိကောင်း ထုတ်မိပါလိမ့်မည်။ ထိုမေးခွန်းများထဲမှာ ဘုရားဆိုတာ အဘယ်သူနည်း။ အဘယ်သူလဲ -ဟူသော မေးခွန်းများဟာ ရင်းနှီးလွန်းတဲ့ မေးခွန်းများဖြစ်ပါသည်။ သတိထားမိသည်မှာ ဒီလိုမေးခွန်းမျိုးကို လူတွေပျော်ရွှင်နေချိန်၊ အဆင်ပြေနေချိန်၊ သုခကြုံနေတဲ့အချိန်မှာ မမေးဘဲ ဒုက္ခကြုံတဲ့အချိန်၊ ဝေဒနာခံစားရတဲ့အချိန်၊ အထီးကျန်ဆန်တဲ့အချိန်၊ စွန့်ပစ်ခံရတဲ့အချိန်တွေမှာ မေးတတ်ကြသည်။ အမှန်တကယ်တော့ ဘုရားသခင်ဟာ အနန္တတန်ခိုးတော်ရှင်ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့ခံစားရသမျှ၊ ကြုံရသမျှကို သိမြင်သူပါ။ ကျွန်ုပ်တို့ အော်ဟစ်နေတဲ့အသံတွေကို ကြားရသူပါ။ သို့သော်လည်း ကျွန်ုပ်တို့တတွေအား သဘာဝကျကျ ရှင်သန်စေပြီး သဘာဝနည်းအတိုင်း ဖြည့်ဆည်းပေးသူဟု ပြောနိုင်ပါသည်။ ယနေ့ ပထမကျမ်းတွင် မိုးဇယ်အား ဘုရားသခင်ခေါ်၍ အစ္စရာအဲလ်လူမျိုးများ၏ ငိုကြွေးအော်ဟစ်သံတွေကို ကြားနေ၍ ကယ်တင်လိုကြောင်း ထုတ်ဖော်ပြီး မိမိအဘယ်သူ အဘယ်ဝါဖြစ်ကြောင်း ပြောပြတော်မူလေသည်။ ဤအချက်အားဖြင့် ကျွန်ုပ်တို့ဆုတောင်း အော်ဟစ်သည့်အခါ ဘုရားသခင်၏တန်ခိုးတော်ကို မျက်ဝါးထင်ထင် မမျှော်လင့်ဘဲ မိမိပတ်ဝန်းကျင်ကို ကြည့်တတ်ဖို့ ထောက်ပြထားပေသည်။ ထိုနည်းတူစွာ ဘုရားသခင်ကို နားလည်နိုင်ဖို့၊ သိနိုင်ဖို့၊ နောက်ဆုံးချစ်နိုင်ဖို့ မိမိတို့၏ပတ်ဝန်းကျင်ကို လျစ်လျူရှုထား၍ မရကြောင်း တွေ့မြင်နိုင်ပါသည်။ ထိုကြောင့် ခရစ်တော်၏ချစ်ခြင်းမေတ္တာတရားတွင် ဘုရားသခင်ကိုချစ်၍ မိမိနှင့်နီးစပ်သူအား ကိုယ်နှင့်အမျှ ချစ်လော့ဟူ၍ ဟောပြောမိန့်ဆိုခဲ့လေသည်။
မိတ်ဆွေ၊ အထက်ပါမေးခွန်းများ ထုတ်ရသည့်အချိန် သင့်ဘ၀မှာ ရောက်နေပြီလား။ သို့ဆိုလျှင် မိမိ၏ ပျော်ရွှင်ခဲ့သည့်အချိန်များနှင့် ဝေဒနာခံနေရသည့်အချိန်ကို ချင့်ချိန်၍ တရားထောက်ရှု့ကြည့်ပါ။ မိမိတရားသည်ပင် မိမိ၏မေးခွန်းများကို ဖြေပေးနိုင်ပါလိမ့်မည်။ ထိုနောက် ဒုက္ခဝေဒနာမှ လွတ်မြောက်လိုပါလျှင် သင့်ခံစားချက်မှာ အကျိုးအကြောင်းစီလျော်စွာဖြင့် ကြုံသမျှ ဖြစ်သမျှကို လက်ခံသဘောပေါက်တတ်ဖို့ အရင်ဆုံးလိုပါလိမ့်မည်။ သင့်ဘ၀မှာလည်း ဘုရားသခင်ရှိနေကြောင်းကို သိလာပါလိမ့်မည်။ အမှန်တော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့နှင့်အတူ အမြဲတစေရှိနေပြီး အရိပ်တကြည့်ကြည့်နေတတ်သူပါ။ ကျွန်ုပ်တို့တတွေဟာ သဖန်းပင်ကဲ့သို့ဖြစ်နေလျှင်ပင် စိတ်ရှည်စွာဖြင့် ကျွန်ုပ်တို့အပေါ်မှာ မျှော်လင့်ချက် ထားသူပါ။ ကျွန်ုပ်တို့တတွေလည်း ဤပုံပြင်၏သဖန်းပင် ပိုရှင်လို စံနမူနာထား၍ မျှော်လင့်ထားသင့်ပါသည်။ သို့သော်လည်း အမှန်သိပြီး လက်မခံတတ်လျှင်တော့ မျှော်လင့်ချက်ဆိုတာလည်း ရေမရသည့် သစ်ပင်လိုသာ ဖြစ်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ခရစ်တော်မိန့်သည့်အတိုင်း “နောင်တမရလျှင် ပျက်စီးမည့်အကြောင်း” တရားအတိုင်း ကျွန်ုပ်တို့ဘ၀ ပျက်စီးလိမ့်မည်။
ဤ၀ါတွင်းကာလအတွင်း ၀ိညာဉ်ခွန်အားယူဤ မျှော်လင့်ချက်များ ရှင်သန်စေပါမည့်အကြောင်း ဆုတောင်းပါ၏။ ခြိုးခြံကျင့်ကြံခြင်းများသည်လည်း နှလုံးသားမှ အမှန်တကယ်လာ၍ စစ်မှန်သော နောင်တတရား ရရှိနိုင်ပါမည့်အကြောင်း ကိုယ်တော်၏သားတော် ယေဇူးခရစ်တော်ကို အမှီပြု၍ တောင်းလျှောက်ပါသည်။ အာမင်။
ကိုရင် (ဒိုမီနီကန်)
0 Comments