ပုပ်ရဟန်းမင်းကြီးဘက်နဒစ်(၁၆) အနား ယူပြီးသည့်နောက် ကမ္ဘာတ၀ှမ်းလုံးရှိ ကက်သလစ် ကာဒီနယ်ကြီးများသည် ဗာတီကန်သို့ စုရုံးရောက်ရှိ လာကြပြီး ၂၂၆ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီးကို ရွေးကောက် တင်မြှောက်ရန် မတ်လ ၁၂ရက်နေ့၊ ၂၀၁၃ခုနှစ်၊ အင်္ဂါနေ့တွင် မဲပေးရန် အစည်း အဝေးကို စိန်စစ္စတင်းဘုရားကျောင်းငယ်အတွင်း၌ အခန်းပိတ်ပြုလုပ်ခဲ့ကြသည်။
၎င်းနေ့၏ ညနေ ဗာတီကန်စံတော်ချိန် ၈နာရီခန့်တွင် စိန်စစ္စတင်းဘုရားကျောင်း မီးခိုးတိုင်မှ အနက်ရောင်မီးခိုးများကို တွေ့မြင်ရပါသည်။ ထိုလက္ခဏာမှာ ပထမဆုံးမဲပေးရာ၌ မအောင်မြင်သေးဘဲ ပုပ်ရဟန်းမင်းကြီး အသစ် ထွက်ပေါ်လာခြင်းမရှိသေးကြောင်း အချက်ပြခြင်းဖြစ်ပါသည်။
ထိုမီးခိုးနက်များသည် ၎င်းကာဒီနယ်ကြီးများ မဲတကြိမ်ပေးပြီးတိုင်း ထိုမဲစာရွက်များကို မီးရှို့ဖျက်စီးပစ်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မည်သည့်သံသယမှ မဖြစ်စေရန် ကာကွယ်ရာရောက်စေသည်။ သို့သော်လည်း နောက်ပိုင်းကာလ ပုပ်ရဟန်းမင်းကြီးရွေးကောက်တိုင်း ကမ္ဘာတ၀ှမ်းမှ မီဒီယာများနှင့်အတူ လူများသည် ဗာတီကန်သို့စုရုံးရောက်ရှိလာကာ သိလိုကြသဖြင့် ထိုမီးရှို့ရာတွင် အမှတ်သားသင်္ကေတတစ်ခုကို ဖန်တီးလာခဲ့သည်။ ၎င်းမှာ ပုပ်ရဟန်းမင်းကြီးရွေးကောက်ခြင်းမအောင်မြင်သောအခါ အနက်ရောင်မီးခိုးများ ထုတ်လွှင့်၍ ပုပ်ရဟန်းမင်းကြီးအသစ်ရွေးကောက်အောင်မြင်လျှင် ထိုမဲစက္ကူများကို မီးရှို့ရာ၌ ဓါတုပစ္စည်းတစ်ခုခုကို အသုံးပြု၍ မီးခိုးများကို အဖြူရောင်ဖြစ်စေပါသည်။ ထိုကြောင့် ကမ္ဘာတ၀ှမ်းလုံး၌ အဖြူရောင်မီးခိုးများနှင့် အနက်ရောင်မီးခိုးများမှာ ပုပ်ရဟန်းမင်းကြီးရွေးကောက်ရာအမှတ်အသား တစ်ခုဖြစ်လာပေသည်။
ဒုတိယအကြိမ်မြောက် မဲပေးခြင်းကို ဗုဒ္ဓဟူးနေ့ ၁၃.၃.၂၀၁၃တွင် ဆက်လက်ပြုလုပ် သွားမည် ဖြစ်ပါကြောင်း သိရှိရသည်။
ကိုရင် (ဒိုမီနီကန်)
0 Comments