ပြာခံပွဲနေ့ကြီး ကမ္မဌာန်းထောက်ရှု့ချက်


ဘာသာတရားတစ်ခုကို မြင်သည့်အခါ မည်သည့် ဂုဏ်သတ္တိတွေနဲ့ ကြည့်ကြ ပါသလဲ။
ဆုတောင်း ပတ္ထနာပြုခြင်း၊ ခြိုးခြံ ကျင့်ကြံခြင်း၊ အလှူဒါနပြုခြင်း စသည့် အချက်ကြီး သုံးခုဟာ ဘာသာ တရားတိုင်းမှာ ပါဝင်တဲ့အဓိက ဂုဏ်သတ္တိများ ပင်ဖြစ်ပါသည်။ ထိုဂုဏ်သတ္တိ သုံးခုနှင့် ပြည့်စုံသော သူအား ဘာသာတရား၌ ကိုင်းရှိုင်းသူ ဟု လူ့အသိုင်းဝိုင်း၌ အလိုလို သတ်မှတ်ပြီးသား ဖြစ်ပါသည်။ သို့သော်လည်း သင်၏အမှန်တကယ် ဘာသာတရား ကိုင်းရှိုင်းမှု့သည် လူတွေအမြင်မှာပဲဖြစ်ပြီး အပေါ်ယံသက်သက်ဖြစ်နေပါသလား။ သို့မဟုတ် အမှန်တကယ်စစ်မှန်သည့် ဘာသာတရား ကိုင်းရှိုင်းခြင်းသည် သင်၏စိတ်နှလုံးသားထဲ၌ ကိန်းအောင်းနေပါသလား။ ကျွန်ုပ်တို့တတွေဟာ ထိုဂုဏ်သတ္တိကြီး သုံးခုအား ကျင့်ကြံရန်မှာတော့ ဘာသာတရားအားလုံး၌ တူညီခြင်းရှိလျှင်မှ ရှိပါလိမ့်မည်။ ယနေ့ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့အား ကက်သလစ်အသင်းတော်ကြီး၌ ဗုဒ္ဓဟူးနေ့ကြီး၊ ၀ါကြီးဝင်သောနေ့ဟု သတ်မှတ်ထားပြီး ရက်ပေါင်း (၄၀) ၀ါတွင်းကာလကို စတင် လိုက်ခြင်းဖြစ်ပါသည်။ ၀ါတွင်းကာလသည် ကျွန်ုပ်တို့ခရစ်ယာန်များအား ချစ်ခြင်းမေတ္တာမီးလျံကြောင့် ကျွန်ုပ်တို့လူသားများ၏ကယ်တင်ခြင်းအတွက် လူ့အဖြစ်ကိုယူ၊ လူသားတစ်ဦးအဖြစ်နေထိုင်ကာ နောက်ဆုံး ဒုက္ကစရိယာခံထမ်းကာ ကားတိုင်ပေါ်တွင် အသက်တော် ပေးလှူခဲ့သော ခရစ်တော်ယေဇူးအား ဗဟိုရ်ပြု၍ ဘုရားသခင်ဆန္ဒကို စဉ်းစားထောက်ရှု့ရန်၊ မိမိတို့အဖြစ်ကို ပြန်လည်သတိရစေကာ (လူသည် မြေမှုန့်မှလာ၍ မြေကြီးသို့ပြန်သွားရမည်။) မိမိတို့၏အပြစ်များအတွက် ပြန်လည်နောင်တစွဲရန်၊ ထိုနောင်တစွဲခြင်း၏နောက်ဆက်အဖြစ် ပြောင်းလဲလာသည့် ကျွန်ုပ်တို့သည် ခရစ်တော်သခင်အား အတုယူ၍ ဘုရားနှင့်အလွန်တူသောသူများအဖြစ် ချစ်ခြင်းမေတ္တာ၌ အခြေတည်နေထိုင် အသက်ရှင်သွားဖို့ ဖိတ်ခေါ်လိုက်သည့် ကာလ၊ ဥပုသ်ကာလပင် ဖြစ်ပါသည်။

သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား အဆင်းသဏ္ဍန် ပြောင်းလဲပေးရန် အမြဲတမ်း အဆင်သင့် ရှိနေပါသည်။ ဒီတော့ မိတ်ဆွေ၊ ခရစ်တော်ကို အတုယူပြီး ဘုရားနှင့် အလွန်တူသော သူများအဖြစ် ချစ်ခြင်းမေတ္တာ၌အခြေတည်သော ဘ၀ဖြင့် အသက်ရှင်သန်လိုပါသလား။

ထိုဘ၀အတွက် အထက်ပါဖော်ပြသည့် ဆုတောင်းပတ္ထနာပြုခြင်း၊ ခြိုးခြံကျင့်ကြံခြင်းနှင့် အလှူဒါနပြုခြင်း စသည့်ဂုဏ်သတ္တိများကို မိမိတို့ဘ၀ဂုဏ်သတ္တိအမှန်များဖြစ်ဖို့ အဆင်းသဏ္ဍန်ပြောင်းလဲခြင်းခံယူရပါမည်။ ပြောင်းလဲရပါမည်။ ထိုကြောင့် ယနေ့ကျမ်းစာတော်မြတ်၌ သခင်ခရစ်တော်က သူ၏ တပည့်တော်ကြီးများကို ပြောဆိုခဲ့သည့် စကားတော်များကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။ ဤသည်ပင် ကျွန်ုပ်တို့၏ လမ်းပြဖြစ်နိုင်ပါသည်။

မိတ်ဆွေ၊ ကုသိုလ်ကောင်းမှုပြုလုပ်သောအခါ လူအများမြင်စေခြင်းငှာ မပြုလုပ်နှင့် (မာတေဦး ၆း၁)။ လူတွေရှေ့မှာ လူအများရှေ့မှာ မလုပ်ရဟု ဆိုလိုမထားပါဘူး။ သို့သော်လည်း စိတ်နှလုံးအကြံအစည်ကို အသားပေးပြောထားခြင်းဖြစ်ပြီး လူတွေမြင်စေဖို့ တမင်ရည်ရွယ်ကာ ပြုလုပ်ခြင်းသည် ဘုရားသခင်ထံသို့ ဗဟိုရ်မပြုသောကြောင့် ဤသို့မလုပ်ဖို့ ဆိုလိုခြင်းဖြစ်ပါသည်။ ထိုကြောင့် လှူဒါန်းသည့်အခါလည်း နောက်ဆုံး မိမိဘာသာတောင်ပြန်မကြွားနိုင်အောင် မိမိ၏ညာဘက် လက်ကလှူဒါန်းလိုက်တာကို ဘယ်ဘက်လက်တောင် မသိပါစေနှင့်လို့ ခရစ်တော်ကမိန့်ဆိုခဲ့ပါသည်။ အမှန်တော့ အလှူဒါန ပြုလုပ်သည့်အခါ ဒိုးပတ်သံကြပ်တွေနဲ့ပါပြုလုပ်ချင်ပြုလုပ်ပါ- သို့သော်လည်း ဘုရားသခင်၌ဗဟိုရ်ပြုသည့် စိတ်နှလုံးသား အမှန်တကယ်ရှိနေဖို့ လိုပါသည်။ လူသိရှင်ကြားပြုလုပ်တော့ အခြားသူများကိုလည်း အလှူဒါနပြုစေဖို့ တိုက်တွန်းအားပေးသလိုဖြစ်ပါသေးတယ်။ သို့သော်လည်း ထိုတိုက်တွန်းချက်က မိမိအား အများအမြင်မှာ တင့်တယ်စေဖို့ဆန္ဒအဖြစ် အတ္တ၀င်သွားသောအခါ ဘုရားသခင်ထံလှူဒါန်းရခြင်းမဟုတ်ဘဲ ထိုအလှူဒါနဟာ ဗလာနတ္တိသက်သက်သာဖြစ်သွားပါလိမ့်မည်။

ဆုတောင်းမေတ္တာပြုနေသူကို မြင်ရခြင်းဟာ အလွန်ပင်စိတ်ချမ်းသာစရာ aကာင်းလှပါသည်။ သို့သော်လည်း ဤဆုတောင်းခြင်းအမှု့သည် ဘုရားသခင်၌ဗဟိုရ်ပြု၍ စိတ်နစ်နေသည့် ဆုတောင်းမေတ္တာ သာလျှင် အများရင်ကို အေးချမ်းစေပါသည်။ အများမြင်စေချင်ငှာ ရည်ရွယ်၍ဆုတောင်းသောအခါ မိမိစိတ်သည် ဘုရားသခင်နှင့်အတူရှိမနေဘဲ အဘယ်သူများငါ့ကို သတိထားကြည့်နေလဲဟူ၍ သရုပ်ဆောင်ရိုက်နေသည့် မင်းသမီး၊မင်းသားနှင့်သာ တူနေပါလိမ့်မည်။ ထိုကြောင့် အမှန်တကယ် ဆုတောင်းခြင်းကိုပြုလိုပါက- တရားဇရပ်၊ ဘုရားတန်ဆောင်တွေမှာသွားနေဖို့ပင် မလိုအပ်ပါဘူး။ မိမိ၏အိပ်ခန်းအတွင်း၌ပင် ဆုတောင်းနိုင်ကြောင်း ခရစ်တော်ကမိန့်ဆိုထားခဲ့ပါသည်။ (ဤသည်မှာ ခရစ်ယာန်များ ဘုရားကျောင်း၌ ၀တ်ပြုကိုးကွယ်ခြင်း သွားဖို့မလိုအပ်ဟု မဆိုလိုပါ။) ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် ဘုရားကျောင်းသည် အလှချင်းပြိုင်ရာ အလှမယ်၊မောင်မယ် ရွေးချယ်ပွဲများ ဖြစ်နေသလား။ အမှန်တော့ ဘုရားသခင်အား ၀တ်ပြုကိုးကွယ်ခြင်း၌ စုပေါင်းပါဝင်မည်ဟူ၍ ဘုရားကျောင်းတက်မည်ဟူသော စိတ်ထားဖြင့် ပြင်ဆင်လျှင် ကျွန်ုပ်တို့ခရစ်ယာန်များ၏ ဘုရားကျောင်းပုံသဏ္ဍန်များ တမျိုးပေါ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။ စမ်းကြည့်ပါလား အဲဒီစိတ်ထားလေးဖြင့်ဗျာ။ ဤသည်ပင် သင့်အတွက် ခြိုးခြံခြင်းဖြစ်နေမည်လော။

ခြိုးခြံခြင်းဟုဆိုသော်အခါ- ဘုရားကျောင်းသွားဒီဇိုင်းဆိုပြီး အများအမြင်မှာ ကြည်လင်ဖို့၊ ချီးမွမ်းခံရဖို့ ယောကီဝတ်စုံဝတ်သွားဖို့ မလိုပါဘူး။ ထို့အတူ အများအထင်ကြီးဖို့ ဒီနေ့တော့ အစာရှောင်မယ်၊ ဟိုဟာဖြင့် မေးလိုက်လျှင် ငါဝါရှောင်ထားလို့၊ ဒါဖြင့်မေးလိုက်လျှင် ငါဝါရှောင်ထားလို့ အထူးပြောနေဖို့ လိုအပ်မည်မထင်ပါ။ အမှန်တကယ်စစ်မှန်သော ခြိုးခြံခြင်းသည် သင့်နှလုံးသားစေရာအတိုင်းသာ ဖြစ်စေရပါမည်။ ကျွန်ုပ်တို့၌ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများအတွက် စိတ်ပူပန်သောက ရောက်ဖူးပါသလား။ ထိုသို့သော စိတ်ပူပန်သောကရောက်နေသောအခါ ကျွန်ုပ်တို့၌ စားဝင်နိုင်ပါရဲ့လား၊ အိပ်ပျော်ပါရဲ့လား၊ ရယ်မောနိုင်ပါရဲ့လား။ ထို့အတူ ယခုကျွန်ုပ်တို့ပြုလုပ်ရမည် ခြိုးခြံခြင်းမှာ ခရစ်တော်၏ ဒုက္ကစရိယာကိုအောက်မေ့ကာ ရရှိလိုက်သည့် စိတ်ပူပန်မှု့သာဖြစ်နေရပါမည်။ ဒီတော့ ပျော်ပွဲမတက်နိုင်သော စိတ်သောကကြောင့် ပညာသားပါပါငြင်းဆိုလိုက်ခြင်း၊ သားကြီးငါးကြီးစားမပြောနဲ့- အစားတောင် မ၀င်သည့်စိတ်သောကဖြင့် သာမာန်ဖြစ်သလိုလေး စားသောက်ခြင်း၊ ထို့အပြင် မိမိအမှားတွေအတွက် စိတ်မကောင်းဖြစ်သည့်အတိုင်း အလှအပမထုတ်နိုင်ဘဲ ပကတိအတိုင်းလေးနေခြင်း၊ စကားအေးအေးလေးများ ပြောဆိုခြင်း. . . စသည့် သဘာဝကျကျ ခြိုးခြံခြင်းမျိုးအား ဘုရားသခင်၌ဗဟိုရ်ထားကာ ပြုလုပ်ကြလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အဆင်းသဏ္ဍန် ပြောင်းလဲပေးခြင်းအား ခံရပါလိမ့်မည်။ ကျွန်ုပ်တို့သည်လည်း ပါရမီပြည့်မှီသော ခရစ်ယာန် ဘ၀အသက်တာကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ ထိုခရစ်ယာန်ဘ၀မှသည် အခြားသူများကိုလည်း သက်သေခံရာဖြစ်စေပါသည်။ 

ထိုကြောင့် ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်သော သူများဖြစ်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်- ဤ၀ါတွင်းကာလသည် ကျွန်ုပ်တို့ဘ၀အား ဘုရားသခင်၌ဗဟိုရ်ပြု အသက်ရှင်နေထိုင်သွားဖို့ ဖိတ်ခေါ်နေကြောင်း၊ မိမိတို့၏အပြစ်များကို သတိနှင့်ဆင်ခြင်ကာ တတ်နိုင်သမျှ လျော့ချနိုင်ရန် ဖိတ်ခေါ်နေကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် လုံးဝတူသောသူများဖြစ်စေရန် အဆင်းသဏ္ဍန်ပြောင်းလဲပေးဖို့ အဆင်သင့်ရှိနေကြောင်း အမှတ်ရကြရင်း ဤ၀ါတွင်းအား အပြည့်အ၀ အမှန်အကန်အသက်ရှင် ကျင့်ကြံသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments