ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ မွန်ဆီညော် ဧဖရင်း စောဖိုးပိုင် ပျံလွန်
မွန်ဆီညော် ဧဖရင်း စောဖိုးပိုင်သည် ၁၉၄၆ ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကျိုက်လတ်မြို့နယ်၊ ကျွန်းကလေး ကျေးရွာတွင် အဘ ဦးသာကြွယ်၊ အမိ ဒေါ်နှင်းရွှေတို့မှ ဖွားမြင်ခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ဇန္န၀ါရီလ ၇ ရက်နေ့တွင် ကက်သလစ်ခရစ်ယာန်ဘာသာအရ ဆေးကြောခြင်းခံယူခဲ့ပြီး ကက်သလစ်ခရစ်ယာန်ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့သည်။ ရဟန်းဘောင်သို့ ခေါ်တော်မူခြင်းခံရကာ ၁၉၇၃ ခု၊ မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ စိန်မေရီကယ်သီဒြယ် ဘုရားကျောင်းတွင် ကာဒီနယ် Terrence Cooke လက်တော်မှ ရဟန်းသိက္ခာကို ခံယူရရှိခဲ့သည်။ အတန်းပညာအားဖြင့် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ B.A (L.L.B) ကိုရရှိခဲ့သည်။
- ရဟန်းသိက္ခာခံယူပြီးနောက် ၁၉၇၃ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ဘားအံမြို့၊ စိန်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် ဓမ္မဆရာ သင်တန်းကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ထို့နောက် ၁၉၇၅ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိ ရန်ကုန်ကက်သလစ် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် စာချဘုန်းတော်ကြီးအဖြစ် လည်းကောင်း၊
- ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တွံတေးမြို့၊ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်ဘုရားကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊
- ၁၉၈၃ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ ဘားအံမြို့၊ စိန်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် ဓမ္မဆရာ သင်တန်းကျောင်း၏ ကျောင်းအုပ်အဖြစ် ထပ်မံ၍ တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်တွင် အီတလီနိုင်ငံ၊ ရောမမြို့တွင် သွားရောက်ကာ ကာနွန်ဥပဒေဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
- ရောမမှ ပြန်လာပြီးနောက် ၁၉၈၈ ခုမှ ၁၉၉၄ ခုနှစ်ထိ ပဲခူးမြို့၊ စိန်ဂျိုးဇက်ရဟန်းဖြစ်သင်ကျောင်း တွင် ကျောင်းအုပ်အဖြစ် လည်းကောင်း၊
- ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ ရန်ကုန်မြို့၊ စိန်မေရီကယ်သီဒြယ်ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
- ၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မင်းပညာရှိသုံးပါး ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ အသင်းတော်ဥပဒေရုံးဥက္ကဋ္ဌနှင့် အတုငိပင်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ ၂၄ ရက်၊ ကြာသပတေးနေ့ နံနက် ၅း၀၀ တွင် မင်းပညာရှိသုံးပါး ဘုရားကျောင်းဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော်မူသည်။ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ ၂၆ ရက်၊ စနေနေ့တွင် တွံတေးမြို့၊ ကောင်းကင်ဘုံသို့ ပို့ဆောင်ခြင်းခံရသော မယ်တော်သခင်မ ဘုရားကျောင်းတွင် ဈာပနမစ္ဆားတရားနှင့် တွံတေးကက်သလစ်သာသနာသင်္ချိုင်းတွင် ဂူသွင်းမြှုပ်နှံသင်္ဂြိုလ်သည်။
0 Comments