ဘုရားသခင်၏ အမှန်တရားနှင့်ကောင်းမြတ်ခြင်းတို့၏ အသိပညာများ ကျွန်ုပ်တို့ဘ၀မှာ ရှိနေဖို့အတွက် မည်သို့ မည်ပုံ ကျိုးစားနိုင် ပါသနည်း။ ထိုသို့ ပြည့်စုံစေရန် ကျွန်ုပ်တို့ဘက်မှ ဘာတွေ များ ပေးဆပ်ဖို့ လိုပါသနည်း။ (လုကား ၁း ၁၊ ၄း၁၄-၂၂)
၁။ ကျွန်ုပ်တို့ဘ၀ထဲမှာ ဘုရားသခင်ရှိနေရမည်။ ဘုရားသခင်နှင့် ထိတွေ့ဖူးရမည်။
၂။ ဘုရားသခင်၏ အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့၌ ယုံကြည်မှု့ ရှိရပေမည်။
၃။ ဘုရားသခင်၏ အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့ကို လက်ခံ၍ လိုချင် ဆန္ဒရှိရမည်။
ဒီတော့ဗျာ- ကျွန်ုပ်တို့ဘ၀ထဲမှာ ဘုရားသခင်ရှိနေလား။
ဘုရားသခင်နှင့် ထိတွေ့ ဖူးလားဟူ၍ မိမိကိုယ်ကို စမ်းစစ် ကြည့်ဖို့ လိုလိမ့်မည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ကာနန်မြို့ လက်ထပ်ပွဲနှင့် ခရစ်တော် အကြောင်း စဉ်းစားထောက်ရှု့ ထားသော ကျွန်ုပ်၏ ကမ္မဌာန်းသည် အထက်ပါ အဖြေကို မီးမောင်း ထိုးပြ ပေးနိုင် ပါသည်။ ထိုကြောင့် ပြန်လည်ကောက်နှုတ် ဖော်ပြရမည် ဆိုလျှင်- ဘုရားသခင်သည် ကျွန်ုပ်တို့ဘ၀၏ သုခ အခါသမယတွင် သာမကဘဲ ဒုက္ခဝေဒနာ ကျရောက် ကြုံတွေ့နေချိန် မှာလည်း ရှိနေပါသည်။ ဘုရားသခင် ကိုယ်တော်တိုင် သုခ ၊ကောင်းမြတ်ခြင်းဖြစ်၍ ထိုအချိန်၌ သူသည် ကျွန်ုပ်တို့နှင့် အတူရှိနေသည်။ ဒုက္ခတွေ့ချိန်၌လည်း သူသည် သနား ကြင်နာတတ်သော ဘုရား ဖြစ်သည့် အလျောက် ကျွန်ုပ်တို့နှင့် အတူ ရှိနေလေသည်။ ထို ဒုက္ခများထဲမှာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းဟုသော ကောင်းမြတ်ခြင်းတို့ အားဖြင့် အလင်းပြနေလေ၏။ (ငါသည် အလင်းဖြစ်၏။)

တချို့က ကောင်းမြတ်ခြင်းကို ဘုရားသခင်၏ သဘောသဘာဝတစ်ခုဟု ဆိုလျှင် လွယ်လွယ်ကူကူ သဘောတူသော်လည်း ပြသနာမှာ ဒုက္ခဝေဒနာများပင် ဖြစ်နေပါသည်။ အားလုံးစုံကို တတ်နိုင်သည့် အနန္တတန်ခိုးတော်ရှင် ဘုရားဖြစ်လျက် လောကသားတွေကို အဘယ်ကြောင့် ဒုက္ခဝေဒနာ ခံထမ်းစေပါသလဲ။ ဒါမှမဟုတ် ဒုက္ခဝေဒနာတွေကြားမှာ ဘုရားမရှိလေသရောလားဗျာ။ ကျွန်ုပ်တို့ကိုများ ဘုရားသခင် စွန့်ပစ်သွားလေသလား။ ထိုသို့မေးခွန်းများ စဉ်းစားထောက်ရှု့မိတိုင်း ကျွန်ုပ်ရင်မှာ ခရစ်တော်၏ ဒုက္ကစရိယာနှင့် အသေခံခြင်းကို ပြေးမြင်မိသည်။ တန်ခိုးရှင်ဖြစ်ပါလျက် ကျွန်ုပ်တို့ လူသားတွေကို ကယ်တင်ဖို့ သူကိုယ်တော်တိုင် ဒုက္ကစရိယာခံ၊ အသေခံပြီး ကယ်တင်ဖို့ လိုအပ်ပါသလား။ အဘယ်ကြောင့်များ ဤလမ်းကိုမှ ကိုယ်တော်ရှင်ရွေးချယ်ခဲ့ပါသလဲ။ အမှန်ဆိုရသော် ဒုက္ခဟူသည်မှာလည်း ကျွန်ုပ်တို့ လောကသားတွေရဲ့ ဘ၀အစိတ်အပိုင်း တစ်ခုအဖြစ် အမှန်တရားတစ်ခု အဖြစ်ရှိနေပါသည်။ ထို့ကြောင့် ခရစ်တော် ကိုယ်တော်တိုင် (ငါသည်အမှန်တရား) ဟုကြွေးကြော် ပြီးကာမှ ထိုအမှန်တရားကို ရင်မဆိုင်ဘဲ ရှောင်တိမ်းသွားမည် မဟုတ်ပါ။ ထိုကြောင့် ဤလမ်းကို ရွေးချယ်တာဟာ ကျွန်ုပ်တို့ လောကသားများအတွက် အကြီးမြတ်ဆုံး ပေးဆပ်မှု့နှင့်အတူ ရရှိလာမည့် ထာဝရအသက် (ထာဝရကောင်းမြတ်ခြင်း) ဆုလာဒ်အတွက်လည်း ယုံကြည်စွာ မျှော်လင့်စွာ တမ်းတနိုင်ပါပြီ။ ခရစ်တော် သင်ပေးခဲ့သည့် သင်ခန်းစာ (သတင်းကောင်း)မှာ ထိုအမှန်တရားကို လက်ခံတတ်ဖို့ပါ။ လက်ခံတယ်ဆိုတာ ဟုတ်ကဲ့၊ ဟုတ်မှာပါ၊ မှန်ပါတယ် ဆိုရုံနဲ့ မပြီးပြည့်စုံပါ။ လက်ခံတတ်ခြင်းမှာ- ဟုတ်တယ်၊ မှန်တယ်၊ ဒီတော့ ဒီထက်ပိုကောင်းအောင် ငါကြိုးစားမယ်။ ငါလုပ်ဆောင်မယ်ဆိုတဲ့ သံဒိတ်ဌာန် ချမှတ်ခြင်း ဖြစ်ပါသည်။ ဒုက္ခကိုတွေ့ကြုံခြင်းအားဖြင့် ပိုမိုကောင်းမွန်သော ဘ၀အခြေအနေကို စဉ်းစားရွေးချယ် တတ်ရန် ဖိတ်ခေါ်ခြင်း တစ်ခုပါ။ စဉ်းစားတွေးခေါ်ခြင်းသည်လည်း ဘုရားသခင်၏ ပုံသဏ္ဍန်နှင့် အဆင် တူအောင် ဖန်ဆင်းခံထားရသော လူသားများ၌သာ ရှိသည်။
သို့ဖြစ်၍ ဒုက္ခသည်ပင် လက်ခံတတ်သော် ကောင်းမြတ်ခြင်း ဖြစ်လာပေသည်။ ဒီတော့ ဘုရားသခင်၏ အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့၌ ယုံကြည်မှု့ရှိပါရဲ့လား။ အမှန်တရားကို လက်ခံဖို့ရန်အတွက် သုခနှင့်ဒုက္ခ တွဲလျက် လက်ခံနိုင်ရပေမည်။ သုခကို တန်ဖိုးထားချိန် ဒုက္ခအားဖြင့်လည်း သင်ခန်းစာ ယူစေရမည်။ ထိုကြောင့် လောကအမှန်တရား ဖြစ်သည့် သုခနှင့်ဒုက္ခယှဉ်တွဲကာ လက်ခံပြီး သုခနှင့် ကောင်းမြတ်ခြင်းကို လိုချင်ဆန္ဒရှိပါ။ ဆန္ဒရှိလျှင် နည်းလမ်း ရှိပါသည်တဲ့။ ကန်လယ်ကကြာ(သုခ)ကို လိုချင်လျှင်တော့ ရေကူးတတ်ဖို့ (ဒုက္ခ)ကိုတော့ ဖြတ်သန်းရပေလိမ့်မည်။
ယနေ့ ကျမ်းစာတော်မြတ် (လု(၁း၁၊ ၄း၁၄-၂၂)တွင် ကျမ်းရေးပုဂ္ဂိုလ်ကြီး သံလုကားသည် အမှန် တရားများကို ပြန်လည်ရေးသား ပြုစုခြင်းဖြစ်ကြောင်း အခန်း (၁း၁)တွင် ဖော်ပြထားလေသည်။ ထိုနောက်တွင် ခရစ်တော်သည် ဘုရားသခင်၏ အမှန်တရားနှင့်ကောင်းမြတ်ခြင်းတို့၏ အသိပညာများ ပြည့်ဝနေပြီး သူ၏ဇာတိမြေ နာဇရက်သို့ ပြန်လာပြီး ပြောဆိုသော စကားများသည် ကြားနာသူတိုင်း ရင်သပ် ရှုမောရလေ၏။ သို့သော်လည်း သူတို့ မယုံကြည်နိုင်။ ဤသူသည် လက်သမား ဂျိုးဇက်၏သား မဟုတ်ပေလော။
အထက်ပါ အသိတရားများအား ဆင်ခြင်တုံတရားနှင့် ယုံကြည်ခြင်း ပေါင်းစပ်၍ စဉ်းစားထောက်ရှု့သော် ဘုရားသခင်၏ အမှန်တရားနှင့်ကောင်းမြတ်ခြင်းတို့၏ အသိပညာများ ကျွန်ုပ်တို့ ဘ၀မှာပြည့်စုံ လာပါလိမ့်မည်။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့၌ အမြဲလုပ်ဆောင်လျက်ရှိသည်။
ကိုရင် (ဒိုမီနီကန်)
0 Comments