ဒုတိယ သာမာန် တနင်္ဂနွေနေ့ ကမ္မဋ္ဌာန်းထောက်ရှု့ချက် (၂၀.၁.၂၀၁၃)

သံယောဟန် ၂း၁-၁၁

ကာနာမြို့ လက်ထပ်ပွဲတွင် ခရစ်တော် ပြုလုပ်ခဲ့သော တန်ခိုးလက္ခဏာမှာ သူ၏ တရားဒေသနာ တော်ဆောင်ရွက်မှု့၌ ပထမဆုံး ပြုလုပ်သည့် တန်ခိုးလက္ခဏာ ဖြစ်သည်ဟု ကျမ်းစာ ပညာရှင်များက ဆိုကြသည်။ မည်သို့ပင်ဆိုစေ -ကျွန်ုပ်တို့အတွက်မူ ထိုကျမ်းစာတော်အားဖြင့် ခရစ်တော်ပေးသော တရားသတင်းကောင်းသည် ပို၍ နက်ရှိုင်းသည်။ ကျွန်ုပ်တို့ ဘ၀မှာ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူ ရှိနေကြောင်းကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ခံစားဖူးပါသလဲ။ ထိုအချိန်အခါမျိုး ရှိလားလို့ ပြန်လည် စဉ်းစား ကြည့်ပါလား။ သေချာတာကတော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ ဘေးနားမှာ လောကဒြပ်တစ်ခု အဖြစ်ရှိနေမှာ မဟုတ်နိုင်ပါဘူး။ ဒီတော့ ဘုရား ရှိနေတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဒွဟအယူဆ ရှိသူများကတော့ မကောင်းသည့် အရာတွေကို ဖန်ဆင်းတဲ့ ဘုရားနှင့် ကောင်းသည့်၊ မြင့်မြတ်သည့် အရာ တွေကို ဖန်ဆင်းသည့် ဘုရားဆိုပြီး နှစ်မျိုး ရှိသည်ဟု ဆိုကြသည်။ ထိုကြောင့် မကောင်းသည့် ဖန်ဆင်းရှင်မှ ဒုက္ခ၊ ငိုကြွေးခြင်း၊ ပူဆွေးခြင်းဝေဒနာ၊ ဆင်းရဲခြင်း စသည့် အမျိုးမျိုးသော ဒဏ်ရာတွေကို ပေးသည်ဟု ယုံကြည်ကြသည်။ ကောင်းသည် အရာများကို ဖန်ဆင်းသည့် ဘုရားကတော့ ပျော်ရွှင်ခြင်း ၊ကောင်းမြတ်ခြင်း၊ မြင့်မြတ်ခြင်း၊ သုခချမ်းသာ စသည် တို့ကိုပေးသည်ဟု ယုံကြည်ကြသည်။ အမှန်တော့ ဘုရားနှစ်ဆူ မရှိပါ။ တစ်ဆူတည်းသာ ရှိ၍ ဘုရားဟူသည့် အဓိပ္ပ္ပာယ်သည်လည်း ကောင်းမြတ်ခြင်း သုခတို့၏ ကိန်းအောင်းရာ ဖြစ်ပြီး အနန္တတန်ခိုးတော်ဖြင့် ပြည့်စုံလေ၏။ 


ဒီတော့ မိမိဘ၀မှာ ကောင်းမြတ်ခြင်း တို့နှင့် ထိတွေ့ဖူး ပါသလား။ လူသားမှန်သော် ဒုက္ခ ရှိလျှင်ပင် သုခနှင့် မကင်းပါ။ သုခသည် ဘုရားသခင် ရှိခြင်းဆိုလျှင် ဒုက္ခသည် ဘုရားသခင် မရှိခြင်းဟုခေါ်နိုင် ပါသလား။ ထိုသို့ ဆိုလျှင်ပင် မိမိဘ၀မှာ ဘုရားရှိကြောင်း ခံစားတွေ့ကြုံ ဖူးပြီလို့ ဆိုရလိမ့်မည်။ ဒီထက် ပိုသည်ကား ဘုရားသခင်သည် ဒုက္ခရှိရာ၌ ပို၍ ရှိနေပါသည်။ သူသည် သနား ကြင်နာတတ်ပြီး နှစ်သိမ့်ခြင်း ရှိပါသည်။ ထိုကြောင့် သုခရှိချိန် ဘုရားရှိနေသလို ဒုက္ခရှိချိန်သည်လည်း ဘုရား ရှိနေချိန်ပါပဲ။ ထိုကြောင့် ကျွန်ုပ်တို့ ဘ၀သည် စက္ကန့်တိုင်း မိနစ်တိုင်းမှာ ဘုရားသည် မိမိနှင့် ရှိနေသည်ဟု ခံစားနိုင်ပါသည်။ သုခ ရှိချိန် ချီးမွမ်း သီဆိုနိုင်သလို ဒုက္ခတွေ့ချိန် အားကိုးရာလည်း ဖြစ်ပါသည်။ 



ယနေ့ ကျမ်းစာတော်မြတ်ထဲမှ ကာနာမြို့ လက်ထပ်ပွဲသည် ပျော်စရာအချိန်၊ မင်္ဂလာရှိတဲ့အခါ သမယ ဖြစ်နေမှာပါ။ ထိုပွဲ၌ ခရစ်တော် (ဘုရား) ရှိနေပါတယ်။ ထိုကြောင့် သုခအချိန်မှာ ရှိ၍ သီချင်းများဆို ညည်းနိုင် ပါလိမ့်မည်။ သို့သော်လည်း ဒုက္ခက ပူးတွဲလျက် အထူး ဧည့်သည်တော်ကြီးများ ရောက်ချိန်မှ ၀ိုင်စပျစ်ရည် ကုန်သွားလေသည်။ ထိုအချိန်မှာလည်း ခရစ်တော် ရှိနေပါသေးသည်။ သို့ဖြစ်၍ ဒုက္ခတွေ့ချိန် သူ့ထံ အားကိုး လာကြစေရန် အသင့်ရှိနေပါသည်။ အသင့်ရှိနေသည့် အတိုင်း သူ၏ အချိန်မတန်သေးသော်လည်း အမှန်တကယ် လိုအပ်နေသည် ဖြစ်၍သော်လည်ကောင်း၊ မိခင်မယ်တော်၏ ကြားဝင်တောင်းခံခြင်းကြောင့် လည်ကောင်း မငြင်းရက်နိုင်တော့ပါ။ ကျွန်တော်တို့ အတွက် အားရစရာ အလွန်ကောင်းသည့် သတင်းကောင်းပင် ဖြစ်ပါသည်။ သုခရှိချိန် သူ့ကို တမ်းတဖို့ မေ့နေသော်လည်း ဒုက္ခရောက်ချိန် သူ့ကို တမ်းတသော အခါ မငြင်းပယ်ပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့ဘက်မှ လိုအပ်အချက် တချို့ ဖြည့်စွက်ရန် ရှိနေပါသည်။ “သူပြောဆိုသည့် အတိုင်းလုပ်ကြပါ” . . မယ်တော် သခင်မရဲ့ တိုက်တွန်း စကားပါ။ ကျွန်ုပ်တို့ ယုံကြည်ခြင်းကို တောင်းခံလိုက်သည့် အချက်ပါပဲ။ ထိုကြောင့် သုခတွေ့ချိန်မှာလည်း ဘုရားအား ချီးမွမ်းတေးဆိုနိုင်အောင် ကြိုးစားပါ။ ဒုက္ခတွေ့ချိန်မှာလည်း ကိုးစား ချည်းကပ်ပါ။ ယုံကြည်ခြင်းအပြည့်နဲ့ ချည်းကပ်. . .အရင်ထက်ကောင်းတဲ့ ၀ိုင်စပျစ်ရည်လို ပိုပြီး တန်ဖိုးရှိတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါ လိမ့်မည်။ ညီအစ်ကိုမောင်နှမ အပေါင်း ထိုဘ၀မျိုးကို ပိုင်ဆိုင်ဖို့ ထောက်ရှု့ စဉ်းစားနိုင်ပါစေ။



  http://www.facebook.com/pages/Myanmar-Dominicans
ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments