ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ ၁.၂ ဘီလျံသော ကက်သလစ် ခရစ်ယာန်များရဲ့ ဘာသာရေး ခေါင်းဆောင် ဖြစ်ပါတယ်… ကမ္ဘာမှာ ရှိတဲ့ ကိုးကွယ်ရာ ဘာသာတွေထဲက အမြင်သာဆုံးသော ဘာသာရေး ခေါင်းဆောင်လည်း ဖြစ်ပါတယ်…
ပုပ်ရဟန်းမင်းကြီး အသစ်ကို ပုပ်ရဟန်းမင်းလက်အောက်ရှိ အမြင့်ဆုံးတာဝန်ခံ ကာဒီနယ် ရဟန်းအမတ်များအဖွဲ့က ရွေးချယ်ပါတယ်…
ပုံမှန်အားဖြင့် ပုပ်ရဟန်းမင်းကြီးပျံလွန် ပြီးသည်ဖြစ်စေ၊ တာဝန်မှ အနားယူပြီးသည်ဖြစ်စေ ကမ္ဘာတ၀ှမ်းမှ ကာဒီနယ် ရဟန်းအမတ်များ ဗာတီကန်မှာ လာရောက် စုရုံးကြပါတယ်… နေ့စဉ်အစည်းဝေးထိုင်ပြီး သာသနာအနေနဲ့ ရင်ဆိုင်နေရသည့် ပြဿနာများကို ဆွေးနွေးတိုင်ပင်ကြတယ်… ပြီးတော့ ပုပ်ရဟန်းမင်းအသစ်မှာ ရှိသင့် ရှိအပ်မယ့် အရည်အချင်းတွေကိုလည်း ဆွေးနွေးကြပါတယ်။ လက်ရှိ ၁၀၀ ကျော်သော ကာဒီနယ် ရဟန်းအမတ်များက စစ်စတင်းဘုရားကျောင်းတော်ထဲမှာ ပုပ်ရဟန်းမင်းအသစ်ကို တံခါးပိတ် မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။
Conclave ဆိုတဲ့ ဝေါဟာရက လာတင်း အခေါ်အဝေါ် ''con'' ဆိုသော(နှင့်) နှင့် "clavis" ဆိုသော(သော့) တို့ကနေလာပြီး ကာဒီနယ် ရဟန်းအမတ်များ တံခါးပိတ်ကာ တခမ်းတနား မဲပေးရွေးချယ်တာကို ရည်ညွှန်းထားပါတယ်။ တစ်ကြိမ် မဲပေးပြီးတိုင်း မဲများကို မီးရှို့ပါတယ်။ ရဟန်းအမတ်တစ်ပါးမှ သုံးပုံ နှစ်ပုံ မဲရသည်အထိ မဲပေးကြရပါတယ်။ သမိုင်းမှာ အတိုဆုံး မဲပေးချိန် နှစ်နာရီကြာမြှင့်ခဲ့ပြီး အကြာဆုံး မဲပေးချိန် ကတော့ သုံးနှစ်ဖြစ်ပါတယ်။
ရှေးတုန်းက မဲတွေကို မီးရှို့ရခြင်းမှာ မဲပေးနေတာကို လုံးဝလျှို့ဝှက်ထားဖို့နှင့် မဲတွေကို အပြင်မရောက်စေချင်တဲ့ သဘောပါပဲ… နောက်တော့ စစ်စတင်းကျောင်းမီးခိုးတိုင်ကနေ မီးခိုးထွက်လာတာကို မြင်တိုင်း မဲတစ်ကြိမ်ပေးပြီးသွားပြီဆိုတာ ကို လူတွေသိရကြောင်းကို သတိထားမိလာပါတယ်။ ဒါနဲ့ စနစ်တစ်ခု ထွင်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်း အရွေးမခံရသေးဘူးဆိုရင် အနက်ရောင်မီးခိုးထွက်စေတဲ့ ဓာဓု ပစ္စည်းနဲ့မဲတွေကို မီးရှို့ ပါတယ်။ ပုပ်ရဟန်းမင်း အရွးခံရပြီဆိုရင်တော့ အဖြူရောင် မီးခိုးထွက်စေတဲ့ ဓာဓုပစ္စည်းနဲ့ မဲတွေကို မီးရှို့ပါတယ်။
သီအိုရီအရ သာသနာရဲ့ဥပဒေအတိုင်းဆိုရင် ဘုန်းကြီးဝတ်နိုင်တဲ့ အိမ်ထောင်မရှိသူ ဘာသာဝင် အမျိုးသားတိုင်း ပုပ်ရဟန်းမင်း ဖြစ်နိုင်ခွင့် ရှိပါတယ်။ လက်တွေ့မှာတော့ ရွေးကောက်ပွဲမှာ ပါဝင်မယ့် သက်တော် ၈၀ အောက် ကာဒီနယ် ရဟန်းအမတ်တွေထဲကပဲ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ ၁၁၅ ပါးသော ရဟန်းအမတ် များအားလုံးဟာ ပုပ်ရဟန်းမင်း လောင်းများ ဖြစ်နေကြပါတယ်။ တစ်ပါးပါးသော ရဟန်းအမတ်မှ သုံးပုံနှစ်ပုံသော မဲရမယ် ဆိုရင် အခြားရဟန်းအမတ်တစ်ပါးက ထိုအရွေးချယ်ခံ ရဟန်းအမတ်ကို ပုပ်ရဟန်းမင်းအဖြစ် လက်ခံ၊ လက်မခံ မေးမြန်းပါတယ်… လက်ခံပါတယ် လို့ဆိုတာနဲ့ ထိုအရွေးချယ်ခံ ရဟန်းအမတ်ဟာ ပုပ်ရဟန်းမင်း ဖြစ်လာပါတော့မယ်။ နောက်တစ်ခုက ရဟန်းမင်းအဖြစ် ဘာဘွဲ့အမည် ကို ယူမလဲဆိုတာကို မေးမြန်းပါတယ်။ အဲဒီအခါမှာ အရွေးချယ်ခံ ပုပ်ရဟန်းမင်းက ယူမယ့် ဘွဲ့နာမကို ပြောပါတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ပုပ်ရဟန်းမင်းရဲ့ လေသာဆောင်ကနေ ကြေငြာလိုက်တဲ့အခါ ပုပ်ရဟန်းမင်းကြီးရဲ့ ဘွဲ့နာမည် အသစ်ကို တစ်ကမ္ဘာလုံးက သိလာကြရပါတယ်။ ( CNN)
ဖာသာရ်သက်ထွေးအောင်
0 Comments