သခင်ခရစ်တော်သည် အဘယ်ကြောင့် မိမိမွေးရပ်ဌာနေတွင် တန်ခိုးလက္ခဏာမပြပါသလဲ။
ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့အတွက် နားလည်ရ ခက်ခဲစေပါသလားဗျာ။ ကျွန်တော်နှင့်အတူ ကမ္မဌာန်းထောက်ရှု့ ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။
ခရစ်တော်၏စကားများ၌ ကျွန်ုပ်တို့ နားလည် နှိုင်စေဖို့ သဲလွန်စနှစ်ချက်ကိုပေးထားပါသည်။ ပရော်ဖက်ဧလိယ လက်ထက်တွင် အစ္စရာအဲလ် ပြည်တစ်ခုလုံး မိုးခေါင်ရေရှားဖြစ်ကာ တစ်ပြည်လုံး အစာငတ်နေချိန်တွင် ပရော်ဖက် ဧလိယသည် စီဒွန်နယ်၊ ဇာရေဖတ်မြို့ရှိ မုဆိုးမထံသို့သာ စေလွတ်ခြင်းခံရ၍ တန်ခိုးလက္ခဏာ ပြစေခဲ့သည်။ ထို့နည်းတူ ပရော်ဖက် ဧလိဇေးဦး လက်ထက်တွင်လည်း အိစ္စရာအဲလ်ပြည်၌ အနာကြီးရောဂါ စွဲကပ်သူများစွာ ရှိသော်လည်း ဆီးရိယပြည်သား နာမန်တစ်ဦးတည်းသာ ကုသခံခဲ့ရသည်။ သို့ဖြစ်၍ ဤဖြစ်ရပ် နှစ်ခုအား ပြန်လည်ထောက်ရှု့ကြည့်ဖို့လိုလာပေမည်။
ပထမဖြစ်ရပ်မှာ ရှင်ဘုရင်အာဟတ်၏ မာနကြောင့် ဘုရားသခင်အား ပစ်ပယ်ထားကာ မိမိသည်သာလျှင် အရာအားလုံးကို တတ်နိုင်စွမ်းရှိသည့် ဘုရင်ဟု မှတ်ယူလေသည်။ ထိုကြောင့် ဘုရားသခင်သည် ပရော်ဖက် ဧလိယအားစေလွတ် မိုးမရွာအောင်ပြုလုပ်ကာ ဘုရားသခင်တည်ရှိကြောင်း သိစေ၏။ မိုးရွာဖို့ ဤရှင်ဘုရင် တတ်နိုင်စွမ်းမရှိပေ။ ထိုအချိန်ထိုကာလ၌ ဘုရားသခင်သည် ပရော်ဖက်ဧလိအား ဇာရေဖတ်မြို့မှ မုဆိုးမတစ်ဦးထံသို့ သွားရောက်ခိုလှုံစေသည်။ မုဆိုးမသည်လည်း တနပ်စာသာ ကျန်တော့သည့် ဂျုံမှုန့်နှင့် ဆီအနည်းငယ်သာရှိ၍ သူမနှင့် သားငယ်သည်လည်း ဤတနပ်သာစား၍ သေဆုံးတော့မည်ဟု ယုံကြည်နေလေသည်။ သို့သော်လည်း ဘုရားသခင်၏ချစ်ခြင်းမေတ္တာ မကုန်ဆုံးသေးပေ။ ထိုကြောင့် မိုးရွာသည့်နေ့ထိအောင် သူမ၏ဂျုံအိုး၌ ဂျုံအပြည့်၊ ဆီအိုး၌ဆီအပြည့် တန်ခိုးလက္ခဏာပေါ်ခဲ့လေသည်။
ဒုတိယဖြစ်ရပ်မှာ နာမန်သည် ဂျူးလူမျိုးမဟုတ်ပေ။ အိစ္စရာအဲလ်ပြည်အား ဆီးရီးယား လူမျိုးတို့သိမ်းပိုက်ပြီး နာမန်သည် ဆီးရီးယားလူမျိုး စစ်သေနာပတိကြီး တစ်ဦးဖြစ်သည်။ သို့သော်လည်း သူသည်အနူရာဂါ စွဲကပ်နေသူတစ်ဖြစ်သည်။ သူ၏ကျွန်မ၊ ဂျူးမလေး၏ အကြံပေးချက်အရ အနူရောဂါပျောက်ကင်းအောင် ကုသနိုင်သော ဘုရားသခင်၏ပရော်ဖက်ရှိသည်ဟု ကြားသောအခါ သူကိုယ်တိုင်မသွားဘဲ တပည့်တစ်ယောက်အား စေလွတ်၍ ရောဂါကိုပျောက်ကင်းစေသည်။ သို့သော်လည်း ပရော်ဖက်ကြီးသည် စိတ်ဆိုး၍ သူ၏လုပ်ရပ်အား အပြစ်ဆိုခဲ့လေသည်။ နာမန် ထင်သည်ကား ဘုရားသခင်၏ ကုသခြင်းမဟုတ်ဘဲ ပရော်ဖက်၏မှော်အကုသဟုထင်လေသည်။ ပရော်ဖက်မူကား အမှန်ကိုသာ သက်သေခံသည်ဖြစ်၍ ဘုရားသခင်ကိုသာ သက်သေခံလေသည်။ သူ၏ရောဂါမပျောက်ကင်းရခြင်းမှာ ထိုရောဂါကို ကုသပေးနိုင်သော ဘုရားသခင်နှင့် ထိတွေ့ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထိုရောဂါ ပျောက်ကင်းရန် အခြားနည်းလမ်းရှာဖို့မလိုပေ။ ဘုရားသခင်သည် ပေါင်းဖက်နိုင်စွမ်းရှိသောကြောင့်ပါ။ နောက်ဆုံး ဘုရားသခင်အား အသိမှတ်ပြုလာမှသာ နာမန်၏ရောဂါပျောက်ကင်းစေသည်။
ထိုဖြစ်ရပ်နှစ်ခုအား စဉ်းစားထောက်ရှု့ကြည့်သော်- ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘယ်သောအခါမှ မကုန်ဆုံးကြောင်းနှင့် ဘုရားသခင်အား ကိုးစားဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြနေလေသည်။ ယေဇူးသခင်၏ မွေးရပ်မြေ၌ ယေဇူးအား သာမာန် လက်သမားဆရာ၏သားဟုသာ မြင်၍ တန်ခိုး လက္ခဏာများ ပြနေမှန်းသိသော်လည်း ဘုရားသခင်၏ခရစ်တော်(ချစ်ခြင်းမေတ္တာ မက်စီးယားရှင်)ဟု အသိမှတ်မပြုပေ။ ထိုကြောင့် ကိုယ်တော်၏စကားတော်အားဖြင့် အံ့သြကြသော်လည်း ယုံကြည်ခြင်းမရှိကြ။ ထိုကြောင့် ကိုယ်တော်၏တန်ခိုးလက္ခဏာကို မြင်တွေ့ခွင့် မရရှိကြပေ။ ဘုရားသခင်အား ကိုးစားအသိမှတ်ပြုဖို့ လိုအပ်သေးသည်။
သူတို့သည် မိမိတို့အတွက်သာ စူးစမ်းလိုကြသည်။ ဘုရားသခင်၏ စူးစမ်းမှု့ကိုမူ လစ်လျူ ရှု့ထားကြလေသည်။ မိမိအတွက်သာ စူးစမ်းလိုသောသူ၌ ချစ်ခြင်းမေတ္တာမရှိနိုင်။ မာနသည်ဖုံးလွမ်း၍ အတ္တတို့ အနိုင်ယူထားလေပြီ။ ဒုတိယကျမ်း၌ သံပေါလူးက ချစ်ခြင်းမေတ္တာအကြောင်းကို ရှင်းပြထားလေသည်။ ချစ်ခြင်းမေတ္တာ၏အဓိပ္ပာယ်ကို နားမလည်သူတို့အတွက် သံပေါလူးက ကူညီပါလိမ့်မည်။ ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ။ ၀ါကြွားခြင်းလည်းမရှိ။ ၎င်း၌ မာန်မာနမရှိသကဲ့သို့ ရိုင်းပြမှု့လည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်း မထားတတ်။ ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု့၌ ၀မ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ၀မ်းမြောက်တတ်၏။ ချစ်ခြင်းမေတ္တာသည် အရာရာကို ခံထမ်းနိုင်၏။ အရာအားလုံးကို ယုံကြည်၏။ အရာအားလုံးကိုမျှော်လင့်၏။ အရာအားလုံးကို ကြံ့ကြံ့ခံနိုင်၏။
ထိုကြောင့် မိတ်ဆွေ၊- ဘုရားသခင်၏ တန်ခိုးလက္ခဏာများကို တွေ့မြင်နိုင်ဖို့ မိမိတို့မှာ ဘုရားသခင်ကို ကိုးစားယုံကြည်ရပေမည်။ ထိုနောက် ချစ်ခြင်းမေတ္တာ လိုအပ်ပေသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်၍ ထိုချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ ကျွန်ုပ်တို့၌ ချစ်ခြင်းမေတ္တာရှိနေသောအခါ ဘုရားသခင်နှင့် ပုံသဏ္ဍန်တူလာ၍ ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ပေါင်းစပ်နေပေသည်။ ဘာသာစကား အမျိုးမျိုးပြောနေသော်လည်း ချစ်ခြင်းမေတ္တာဘာသာစကား မပြောဆိုနိုင်သောသူ၏ နှုတ်၌ စကားလုံးမရှိဖြစ်ပေလိမ့်မည်။ ထိုကြောင့် စိန်သြဂုတ်စင်းပြောသလို ဘုရားသခင်ကိုအရင်ချစ်ပါ။ ပြီးလျှင် ကြိုက်တာလုပ်ပေတော့ဗျာ။
ကိုရင်(ဒိုမီနီကန်)
0 Comments