နိုဝင်ဘာ တစ်ရက်နေ့ ရောက်ပြီ။ တေဗရေ မြစ်တစ် လျှောက်က သစ်ပင် တွေလည်း နီ ၀ါ ရောင် ပြောင်းပြီး မြေခ နေကြပြီ။ ဆောင်းဦး ကာလရဲ့ အလှကို ကျွန်တော် မြတ်မြတ် နိုးနိုး ခံစား လေ့ရှိ ပါတယ်။ အ၀ါရောင်သန်းတဲ့ နေရောင်ခြည် မြက်ခင်း စိမ်းစိမ်းပေါ်ကျ နေတာတွေ၊ စပါး ခင်းတွေ ကနေ ထွက်လာတဲ့ သင်းရနံ့တွေ၊ မပူမအေး လေပြေလေးတွေ၊ နံနက်ခင်းမှာ ဝေနေတတ်တဲ့ မြူမှုန်တွေ၊ မိုးရာသီမှာ တိမ်တိုက် တွေရဲ့ လွှမ်းမိုးခြင်း ခံထားရတဲ့ ကောင်းကင်ပြာကို ပြန်မြင်ခွင့် ရတာတွေ ကို ကြည်နူးမိတယ်။
အခုတော့ မြန်မာပြည်နဲ့ ဝေးနေရလို့ အဲဒီ အလှ အပ တွေကို စိတ်ကူး နဲ့သာ ခံစား နေမိ ပါတယ်။ ဒါပေမဲ့ တစ်ချိန် ချိန်မှာ တော့ ဒါတွေကို ကျွန်တော် ပြန်မြင် ခွင့်ရနိုင်ဦးမှာပါ။ “ရာသီ”ဆိုတာ တစ်နှစ်ပြီး တစ်နှစ် ပြန် ရောက်လာ မှာပါ။ နွေ မိုး ဆောင်း ဆိုတာ မြေကြီး လက်ခတ် မလွဲ ပြန် ရောက်လာ ပေမဲ့ ပြန်မလာ နိုင်တော့ တာက “အချိန်” ပါ။ ပြီးသွားတဲ့ “ရာသီ” ဟာ ပြန်လာ တတ်စမြဲမို့ ရာသီ ဆိုတာ ထူးထူး ခြားခြား လွမ်းနေ ရမဲ့ အမျိုး အစားထဲမှာ မပါဘူး ထင်ပါတယ်။ “အချိန်” ဆိုတာကတော့ ဘယ်တော့မှ ပြန်မရ တော့ဘူး။ ပျော်ရွှင် ကြည်နူး ခဲ့ရချိန်တွေ၊ ၀မ်းနည်း ကြေကွဲ ရတဲ့ အချိန်တွေ၊ ရှင်သန် ခဲ့ ရတဲ့ အချိန် တွေကို ဘယ်တော့မှ ပြန်ရ နိုင်တော့မှာ မဟုတ်ဘူး။
ဆောင်းဦး ကာလ တစ်ခါ ပြန်ရောက်လာ ပေမဲ့ အရင် ဆောင်းဦး တွေမှာ ရှိနေခဲ့တဲ့ သူငယ်ချင်းတွေ၊ ပျော်ရွှင် ကြည်နူး ခဲ့ခြင်းတွေ၊ စိတ်သောကတွေ ဘာမှ ပြန်မပါ လာ တော့ဘူး။ “ရာသီ” ဆိုတာ ပြန်ရောက် လာပေမဲ့ “အချိန်” ကတော့ ဘယ်တော့ မှ ပြန်ရောက် လာမှာ မဟုတ် တော့ ဘူးလေ။
လူ့ဘ၀ဆိုတာ စက်ဝိုင်းလို့ ရစ်ပတ်သွား နေရတဲ့ မျဉ်းဖြောင့် တစ်ကြောင်း လား လို့ စိတ်ထဲမှာ တွေး နေ မိပြန် ပါတယ်။
ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ ၀တ္ထုထဲက စာသားလေးကလည်း ခေါင်းထဲ ၀င်လာပြန်ပါတယ် . . .
“ဘယ်သောအခါ ကာလမှ ပြန်မရ နိုင်တော့တဲ့ အရာတစ်ခုကို နှမြော တသ ဖြစ်နေ ခြင်းကို အလွမ်း လို့ ခေါ်ပါသလား” (မောင်စိန်ဝင်း ၊ပုတီးကုန်း၊)
0 Comments