အမြစ် . . .

(one for all, all for one တစ်ယောက်သည် အာလုံးအတွက်၊ အားလုံးသည် တစ်ယောက်တွက်) ဆိုတဲ့စကားကို ရဟန်းဖြစ်ကျောင်းသားအရွယ်က ကျောင်းအုပ်ဘုန်းတော်ကြီးရဲ့ ဆုံးစကားထဲမှာ ကြားခဲ့ဖူးပါတယ်။ အဲဒီစာကြောင်းလေးကို နှစ်သက်ခဲ့ပြီး မကြာခဏလည်း ရေရွတ်ခဲ့ဖူးပါတယ်။ အဲဒီစာကြောင်းက စိတ်ထဲမှာ ခိုင်မာတဲ့ လုံခြုံမှုတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ပိုပြီးအားရစေခဲ့တာက ငါ့ဖက်မှာ တစ်ကျောင်းလုံးရှိတယ် ဆိုတဲ့အတွေးပါ။ ကိုယ့်ဖက်ကလည်း ငါ့ကျောင်းအတွက် ငါကျိုးစားအားထုတ်ရမယ် ဆိုတဲ့ခံယူချက် မြဲမြံခဲ့ပါတယ်။ ကျောင်းအတွက် စွန့်လွှတ်ချင်စိတ်တွေ၊ စွန့်စားချင်စိတ်တွေနဲ့ အနစ်နာခံချင်စိတ်တွေဖြစ်တည်နေခဲ့ပါတယ်။

နာဇရက် ကျောင်းသား ဖြစ်ရတယ်ဆိုတဲ့ ဂုဏ်ယူစိတ်က ဘာနဲ့မှ လဲလို့မရနိုင်တဲ့ခဲ့တဲ့ စိတ်ဓါတ်တစ်ခုပါ။ ခြောက်တန်းကျောင်းသားဝနဲ့ အနီးစခန်းကျောင်းမှာ စတက်တော့ ကျောင်းသားကြီးတွေက အတန်းထဲမှာ ပထမ ရအောင်ကြိုးစားရမယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတာ သေချာနားမလည်ခဲ့ပေမဲ့ နာဇရက်ကျောင်းသား ဆိုရင် အတန်းထဲမှာ ပထမ ရ ရမယ်လို့သိလာခဲ့ပါတယ်။ သိတဲ့အတိုင်းကြိုးစားခဲ့တယ်၊ ကြိုးစားခဲ့တဲ့အတိုင်းလည်း ရခဲ့ပါတယ်။ ပညာရည်မှတ်တမ်းရပြီဆိုရင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ အတန်းဖေါ်တွေရှေ့မှာ နာဇရက်ကျောင်းသား အချင်းချင်း အရှေ့မှာ ဂုဏ်ယူကြည်နူးခဲ့ရပါတယ်။ ဒီပုံစံအတိုင်း တစ်တန်းပြီးတစ်တန်းကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ လူငယ်တို့ သဘာဝ ကြုံတွေ့ရတဲ့ လေထန်လှိုင်းကြမ်းတဲ့ လူသားသဘာဝ အတွေ့အကြုံများစွာကို ဘေးမသီရန်မခ ကျော်လွှားနိုင်ခဲ့ပါတယ်။ နာဇရက်ကျောင်းသား တစ်ယောက်အနေနဲ့ ပြုမူကျင့်ကြံနေထိုင်ရမယ့် ကျင့်ဝတ်တွေကြားမှာ လူငယ်တွေကို ဖျက်စီးနိုင်တဲ့ အနှောင့်အယှက်များစွာကို ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါတွေကို ရေးပြတာ ကိုယ်ရည်သွေးတာ မဟုတ်ပါဘူး။ လူတစ်ယောက်အတွက် သူရှင်သန်နေထိုင်တဲ့ အဖွဲ့ အစည်း တစ်ခုဟာ အလွန်အရေးပါတယ်ဆိုတာ ပြောပြချင်တာပါ။ ကလေးငယ်တစ်ယောက် ဘယ်လို လူလားမြောက်လာမလဲဆိုတာ မိသားစုက သတ်မှတ်ပေးတာပါ။ သူဘယ်လိုပြုမူနေထိုင်ကျင့်ကြံရမလဲဆိုတာကို မိသားစုက သင်ကြားပေးတာပါ။ ဘုရားရှိခိုးတတ်ဖို့၊ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်တတ်ဖို့၊ ပိုပြီး အရေးပါတဲ့ အဆိုးအကောင်းခွဲခြားတတ်ဖို့ မိသားစုက သင်ကြားပုံသွင်းပေးတာဖြစ်ပါတယ်။

အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်အတွက်တော့ သူ့အသိုင်းအ၀ိုင်း၊ သူ့မိသားစုထက် အဆများစွာ ပိုမို ကျယ်ပြန့်သွားပါပြီ။ စာသင်ကျောင်းမှာ အတန်းဖေါ်တွေရှိလာသလို၊ သူနဲ့ပေါင်းသင်းတဲ့ သူငယ်ချင်းတွေလည်း ရှိလာပါတယ်။ သူဘယ်လိုပြုမူနေထိုင်ကျင့်ကြံမလဲဆိုတာ သူဘယ်လိုလူတွေနဲ့ ပေါင်းသင်းနေထိုင်သလဲ၊ သူပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းက ဘယ်လိုလူတွေလဲ၊ ဘာတွေကို တန်ဘိုးထားသလဲ စတဲ့ အချက်တွေဟာ အရေးပါ လာပါတယ်။ စာကြိုးစားတဲ့ သူတွေနဲ့ အပေါင်းအသင်းလုပ်မိသူဟာ စာထဲမှာစိတ်ဝင်စားမှုနည်းပေမဲ့ အပေါင်းအသင်းတွေကြောင့် စာကျက်ဖြစ်မယ်၊ စာထဲမှာစိတ်ဝင်စားလာပါလိမ့်မယ်။ စာတော်ပေမဲ့ ပေါင်းသင်းမိတဲ့ အဖွဲ့က ကျောင်းပြေးတတ်တယ်၊ အိမ်စာမလုပ်ဘူး၊ စာမကျက်ဘူးဆိုရင် သူ့မှာရှိတဲ့ အရည်အချင်းတွေပျောက်ပြီး စာကိုဂရုမစိုက်တဲ့ အဖွဲ့အတိုင်း လိုက်ပြုလုပ်မိဖို့ များပါတယ်။ ကိုယ်ကျင့်တရားဆိုင်ရာ တွေမှာလည်း ဒီအတိုင်းပါပဲ။ (မုဆိုးနားနီး မုဆိုး၊ တံငါနားနီးတံငါ) ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ လူသားအချင်းချင်း အဆင့်အတန်းခွဲခြားတာ မဟုတ်ပေမဲ့ လူငယ်တစ်ယောက်ဟာ သူဘယ်လိုလူတွေနဲ့ အပေါင်းအသင်းလုပ်သလဲဆိုတာ အထူးဂရုစိုက် ရပါလိမ့်မယ်။

လူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုထဲကို ၀င်မိတာနဲ့ တစ်ယောက်သည် အများအတွက်၊ အများသည် တစ်ယောက်အတွက် ဆိုတဲ့ အချက်ကတော့ ရှိနေမှာပါ။ ကိုယ်ပါဝင်မိတဲ့ အဖွဲ့အတွက် ကိုယ့်ဖက်က ပေးဆပ်ရတာတွေ ရှိသလို အဖွဲ့ကည်း ကိုယ့်ကို အများကြီးပြန်ပံ့ပိုးပေးပါတယ်။ ကိုယ့်ဖက်က အဖွဲ့ရဲ့ သတ်မှတ်ချက်တွေအတိုင်း ရှင်သန်နေထိုင်ရမယ်၊ အဖွဲ့ကလည်းကိုယ့်ရဲ့ ရသင့်ရထိုက်တာတွေ ပေးမှာပါ။ ကိုယ့်ဖက်က အဖွဲ့ကိုလည်း ဂရုမစိုက်၊ အဖွဲ့ရဲ့သတ်မှတ်ချက်တွေကိုလည်း ဖေါက်ဖျက်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အဖွဲ့ကနေ ဖယ်ထွက်သွားသလိုဖြစ်မယ်။ အဖွဲ့ရဲ့ သတ်မှတ်ချက်တွေအတိုင်း ရှင်သန်နေထိုင် ပြုမူကျင့်ကြံခြင်းက ကိုယ့်ကို လုံခြုံမှုပေးသလို ဘ၀အတွက် လိုအပ်တဲ့ အောင်မြင်မှုတွေကို ပေးမှာပါ။ အားလုံးထက်အရေးကြီးဆုံးအချက်က သင်ဘယ်လိုအဖွဲ့မှာ ပါဝင်နေမိပါသလဲ။ သင်ပါဝင်မိနေတဲ့ အဖွဲ့က သင်ဆိုတဲ့ လူတစ်ယောက်ကို ဖန်တီးပေးပါလိမ့်မယ်။

လူတစ်ယောက်အဖြစ်နဲ့ ကိုယ်ကျင့်တရားတွေ၊ ခံယူချက်တွေခိုင်မာစွာ ရှင်သန်ပြီး လူတစ်ယောက်အဖြစ် ပီပြင်စွာ နေထိုင်ရှင်သန်နိုင်ဖို့ သင့်နောက်မှာ ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုတော့ မဖြစ်မနေလိုအပ်ပါတယ်။ အဲဒါကို တွေ့အောင်ရှာရမယ်။ လူဆိုတာ တစ်ယောက်စီ မနေနိုင်တဲ့ သတ္တ၀ါတွေပဲလို့ ဆိုစမှတ်ရှိတယ်မဟုတ်လား။ အဖွဲ့တစ်ခုမှာ ပါဝင်မိပြီဆိုရင်လည်း အဲဒီအဖွဲ့အတွက် အစွမ်းကုန်ပေးဆပ်ပါ၊ သင်အမှန်တကယ် ပီပြင်စွာ ရှင်သန်နေထိုင်တဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ (မင်းသားလေး) ဆိုတဲ့စာအုပ်က စာတစ်ပိုဒ်ကို စဉ်းစားကြည့်ပါ . . .

မင်းသားလေးက သဲကန္တာရထဲမှာ လမ်းလျှောက်ရင်း မြက်ပင်လေးတွေတွေ့တာနဲ့ မေးကြည့်လိုက်တယ်။

`မနေ့က ဒီနားမှာ လူ ၂ ယောက် ၃ ယောက်လောက်တွေ့မိလိုက်သလိုပဲ အခုသူတို့ကို မတွေ့တော့ပါလား။ ဘယ်ရောက်သွားကြပြီလဲ။`

`လူတွေက အရမ်းသနားဖို့ကောင်းတယ်ကွ။ သူတို့မှာ ငါတို့လို အမြစ်မရှိတော့ လေတိုက်တိုင်း လွင့်သွားကြတာပဲ။ မနေ့က မင်းတွေ့ခဲ့တဲ့သူတွေ အခုဘယ်ရောက်သွားမှန်းမသိတော့ဘူး။`

သင့်မှာအမြစ်တွယ်စရာ ခိုင်မာတဲ့ အဖွဲ့တစ်ဖွဲ့မရှိရင် မြက်ပင်လေးလောက် သင့်ဘ၀ခိုင်မာမှုရှိနိုင်ပါ့မလား . . .

Post a Comment

0 Comments