"ခြိုးခြံခြင်း"
ဤကမ္ဘာမြေပေါ်၌၊ အရွယ်ရောက်လာသော လူသားတစ်ဦးသည်၊ မိမိတို့တတ်စွမ်းသမျှ အလုပ်လုပ်ကြရသည်၊ လွတ်လပ်စွာ စားသောက်နိုင်သည်၊ လှပစွာ ၀တ်စားဆင်ယင် နိုင်ကြသည်။ သို့သော် လွန်ကျူးလျှင်၊ မကောင်းမှုဖက်သို့ ရှေ့ရှုသွားနိုင်သောကြောင့်၊ ထိန်းချုပ်မှုသည် အမှန်တကယ်ပင် လိုအပ်ပါသည်။ မိမိ၏ ကိုယ်နှင့် စိတ်နှစ်ပါးစလုံးကို ထိန်းချုပ် ခြိုးခြံခြင်းသည်၊ လူသားတို့၏ ဘ၀တွင် အရေးကြီးသော ပါရမီတစ်ပါး ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကယ်တင်ရှင်သခင် ခရစ်တော်က (ရှင်မာတေဦး၁၆း၂၄)၌ "ငါ့နောက်သို့လိုက်လိုသောသူသည်၊ မိမိကိုယ်ကို ငြင်းပယ်စေ။ မိမိလက်ဝါးကပ်တိုင်ကိုလည်း ထမ်း၍ ငါ့နောက်သို့လိုက်စေ"ဟု မိန့်တော်မူခဲ့သည်။ တပည့်တော်ကြီး သံပေါလူးကမူ၊ လူသားတိုင်းသည် ဘုရားရှင်၏ စွန့်လွှတ်အနစ်နာခံခြင်း၊ သည်းခံခြင်းတရားကို ကျင့်ကြံရမည်ဟု မိန့်ဆိုခဲ့ပါသည်။
အာရုံငါးပါးသည် စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်သကဲ့သို့၊ မကောင်းသော စိတ်သည်လည်း ခန္ဓာကိုယ်ကို ပျက်စီးစေပါသည်။ လူသားတို့၏ စိတ်ဝိညာဉ်များ ပျက်စီးခဲ့ရသောကြောင့်ပင် သခင်ခရစ်တော်မှ၊ သူ၏ ခန္ဓာကိုယ်ကို လက်ဝါးကားတိုင်ပေါ်မှာ အသက်အသေခံ၍ ပူဇော်ခဲ့ရသည်။ ကမ္ဘာဦးလူသား အာဒန်မှစ၍ အမှားများကို ကျူးလွန်ခဲ့သော ကျွန်ုပ်တို့သည် ကိုယ့်စိတ်ကို ထိန်းချုပ်ခြင်းမရှိခဲ့လျှင် တန်ဖိုးရှိသော လူသားများ(သို့) ရဟန္တာလောင်းများ ပေါ်ထွန်းလာမည် မဟုတ်ပေ။ လောကီစည်းစိမ်ချမ်းသာများသည် လူသားများကို ဖျက်ဆီးဖို့ရန် အဆင်သင့် ရှိနေပါသည်။ ထို့ကြောင့်ပင် ဤစည်းစိမ်ချမ်းသာများ ကျူးကျူး၊ လွန်လွန် ခံစားကာ ငရဲပြည်ကို သွားမလား၊ ခြိုးခြံချုပ်တီး၍ ဘုရားရှင်၏ ကောင်းသော ကျင့်စဉ်များကို လိုက်နာပြီး ကောင်းကင်တံခါးကို မော်ကြည့်မည်လား ဆိုသည်ကို ကိုယ့်အသိဉာဏ်နှင့်ကိုယ် ရွေးချယ်ကြရပေမည်။ ဖြူစင်သောစိတ်၊ နှိမ့်ချသောစိတ်ထားများသည် သခင်ခရစ်တော်မှ စံပြုလျက် စီးဆင်းလာသော မြင့်မြတ်သော စိတ်ထားများပင် ဖြစ်သည်။
ကျွန်ုပ်တို့ လူသားတိုင်း မှတ်သားဖွယ်ရာ စကားလေးတစ်ခွန်းကို ရဟန္တာ ဂျိုးဇက်ကယ်လန်ဆန်တီယူးမှ မိန့်ဆိုခဲ့သည်မှာ "သတိတရားနှင့် စိတ်ကို ထိန်းချုပ်မှု့မရှိသော တစ်နေ့တာသည်၊ တစ်နေ့တာ ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်"ဟု ဆိုခဲ့ပါသည်။ စိတ်၏ လွတ်လပ်ပျော်ပါးမှုကို သာရှေ့ရှုနေလျှင်၊ နတ်ဆိုးလမ်းပြရာနောက်သို့သာ လိုက်ပါနေခြင်းဟုလည်း ဆိုခဲ့ပါသည်။ဘုရား တရား ကြည်ညို လေးစားသူများအတွက် စိတ်နှင့် ခန္ဓာကိုယ် ခြိုးခြံခြင်းသည် သိပ်ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ၊ ရဟန္တာ အယ်လ်ဖွန်း(စ)မှ လွယ်ကူစွာနှင့် အကောင်းဆုံးသော ခြိုးခြံခြင်းသည်၊ တရားဥပဒေအတွင်းမှာ ရှိသော၊ ခွင့်တောင်းစရာမလိုသော အချက်များကို ကျင့်ကြရန် ပြသခဲ့ပါသည်။ တန်ဘိုး မရှိသောစကားများ အချိန်ကြာမြင့်စွာ၊ အဓိပ္ပါယ်မဲ့စွာ ပြောဆိုကြခြင်း၊ သူတစ်ပါးအကြောင်း မကောင်းပြောဆို ဝေဖန်ခြင်းများ စသည်တို့ကို ရှောင်ရှားရမည်ဖြစ်သည်။ တန်ဖိုးနည်းပါး၍၊ အရသာထူးခြားအောင် ပြုပြင်ထားခြင်းမရှိသည့် သဘာဝဆန်သော အစားအသောက်များကိုသာ ရွေးချယ် စားသောက်ကြသင့်သည်။ သို့ဖြင့် စားသောက်မှု အသုံးစရိတ် နည်းပါးလာခြင်းကြောင့် ပိုမို လှူဒါန်းလာနိုင်မည် ဖြစ်သည်။
အခြားအရေးကြီးသော အချက်တစ်ချက် ရှိပါသေးသည်၊ တစ်ပါးသူကို မိမိခံစားနေရသော ဒုက္ခများကို ညည်းတွားပြခြင်း၊ အထူးသဖြင့် စီးပွားရေး၊ ကျန်းမာရေးချို့တဲ့သည် စသဖြင့် ပြောဆိုခြင်းကို ရှောင်ကြဉ်ကြရမည် ဖြစ်သည်။
ဤသို့ ခြိုးခြံခြင်း၌ အခက်ခဲများတွေ့ခဲ့လျှင် သာသနာအဖွဲ့အစည်းမှ အကြီးအကဲများ (သို့)မိမိနှင့် အတူလုပ်ဆောင်နေသော ဘာသာရေးအသင်းအဖွဲ့ မှ အသင်းသားများနှင့် တိုင်ပင် ဆွေးနွေးလျက် နည်းလမ်းရှာ၊ ခွန်အားယူနိုင်ကြပါသည်။
အတွင်းစိတ် ထိန်းချုပ်မှုပြီးလျှင်၊ အာရုံငါးပါးနှင့် ထိတွေ့နေရသော ခန္ဓာကိုယ် ထိန်းချုပ်ကြရမည်ဖြစ်သည်၊ လောကစည်းစိမ်၊ အပျော်အပါးများသည် အာရုံငါးပါးမှတဆင့် စိတ်ဝိညာဉ်ကို အထူး ထိခိုက်ပျက်စီးစေပါသည်။ ရဟန္တာသြဂုတ်စတင်းကမူ အမြင်အာရုံသည် အရေးကြီးဆုံးဟု ဆိုခဲ့ပါသည်၊ အားလုံးသော အမှားများ အမြင်အာရုံမှ စတင်ပါသည်။
မြင့်မြတ်သော သူတော်စင်လူဝီကမူ သခင်ယေဇူးသည် အစာရေစာကိုရက်ပေါင်းများစွာ မစား၊ မသောက်ဘဲ ဆုတောင်းမှု့ပြုခဲ့သည်ဟု ဆိုပါသည်။ ခြိုးခြံခြင်းကြောင့် ကျွန်ုပ်တို့၏ အပြစ်များအတွက် ဒဏ်ဆပ်ဖြေပြီးသားလည်း ဖြစ်သွားပါသည်။ မိမိတို့၏ အတ္တနှင့်မာနများကို ခြိုးခြံ လျှော့ချနိုင်လေ၊ တစ်ပါးသူအပေါ် မေတ္တာတရားများများ ထားနိုင်လေလည်း ဖြစ်သည်။
ဤသို့ စိတ်ကိုခြိုးခြံခြင်း ကျင့်စဉ်ကို အသက်အရွယ်ကြီးရင့်သူများ သာမက လူငယ်၊ လူရွယ်လေးများပါ ကျင့်ကြံကြလျှင် ကမ္ဘာမြေပေါ်ဝယ် လူတော်၊ လူကောင်း၊ ရဟန္တာလောင်းများ မြောက်များစွာ ပေါ်ထွန်းလာမည် ဖြစ်ပေသည်။
Ref:
Conference matter for Religious compiled by Rev.Ferreol Girardey,C.SS.R
ကက်သလင်းခင်
0 Comments